ယခင်ပေးပို့ထားသည့် စာနှင့် ပတ်သက်၍ ရှင်းလင်းရန် ကေအိုင်အိုမှ စာပို့ထားဟု ဆို

ယခင်ပေးပို့ထားသည့် စာနှင့် ပတ်သက်၍ ရှင်းလင်းရန် ကေအိုင်အိုမှ စာပို့ထားဟု ဆို
ဓာတ်ပုံ-ဘိုဘို(မဇ္ဈိမ)

ဖေဖော်ဝါရီလ ၃ ။             ။ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ပေးပို့သောစာသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ကို နိုင်ငံရေး ဆွေးနွေးရန်အတွက်  ရန်ကုန်မြို့သို့ လာရောက်ရန် ကမ်းလှမ်းခဲ့သော်လည်း ယခင်က KIO ဘက်မှ မေးမြန်းထားမှုကို သိလိုကြောင်း ထပ်မံ စာပေးပို့ထားသည်ဟု KIO ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် ဂွမ်မော်က ပြောသည်။

“ပထမအချက်က စာရလို့ ဝမ်းသာကြောင်း။ ဒုတိယအချက်က နိုင်ငံရေးဆွေးနွေးတာက UNFC မှ DPN က ဆက်လက် ဆွေးနွေးနေပါတယ်။ တတိအချက်က အရင်က ကျွန်တော်တို့ဘက်က   ဒေါက်တာတင်မျိုးဝင်းကို ကျွန်တော်သိချင်တာတွေ စာရေးပြီး မေးထားတာရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ သိချင်တယ်ဆိုပြီး အချက် ၃ချက် ပြန်မေးထားတယ်”ဟု သူက ဖေဖော်ဝါရီလ ၂ ရက်နေ့က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက နိုင်ငံရေးဆွေးနွေး လိုပါက ရန်ကုန်မြို့သို့ လာရောက်ရန် ပေးပို့သော စာလက်ခံရရှိပြီး နောက်တစ်နေ့တွင် KIO ဘက်မှ ပြန်လည် အကြောင်းကြားလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ၆ လကတည်းက KIO ဘက်မှ ဒေါက်တာ တင်မျိုးဝင်းထံ ပေးပို့ခဲ့သော စာတွင် KIA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့်ကိစ္စ၊ မြေပြင်တွင် တပ်မတော်မှ ထိုးစစ်ဆင်နေမှုများပေါ် တွေ့ဆုံဆွေးနွေးရန် အဆိုပြုစာပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

KIO သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်မထိုးသေးသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)တွင် ပါဝင်၍ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

KIO ကို နိုင်ငံရေး ဆွေးနွေးရန် ဖိတ်ကြားခြင်း မရှင်းလင်းသဖြင့် ဒေါက်တာ တင်မျိုးဝင်းထံသို့ စာပြန်ပေးပို့ထားသည်ဟု သူက ဆက်လက် ပြောဆိုသည်။

“ကေအိုင်အိုကို တွေ့ဖို့ ဖိတ်စာပို့တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီလို မဟုတ်ဘူး။ အစည်းအဝေးခေါ်တာလည်း မဟုတ်ဘူး။ ဘယ်နေ့၊ ဘယ်ရက် တွေ့ဖို့ ခေါင်းစဉ်တွေ ပေးထားတာ မဟုတ်ဘူး”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် DPN နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ DPN ဘက်မှ တင်ပြထားသည့် အချက် ၈ ချက်အပေါ် ဆွေးနွေးခဲ့သည်။ ဇန်နဝါရီလကုန်ပိုင်းတွင် ရန်ကုန်မြို့တွင် ထပ်မံ တွေ့ဆုံရန် အစိုးရဘက်မှ ကမ်းလှမ်းမှုနှင့် ပတ်သက်၍ မရှင်းလင်းသဖြင့် ညှိနှိုင်းနေရဆဲ ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags