နိုင်ငံ ကိုယ်စားပြုနေပါတယ်ဆိုတဲ့ စိတ်သာဝင်သွားရင် အရာအားလုံး ပြည့်စုံအောင် လုပ်လို့ရတယ်ဆိုတဲ့ Miss Universe Myanmar 2016 ထက်ထက်ထွန်း

နိုင်ငံ ကိုယ်စားပြုနေပါတယ်ဆိုတဲ့ စိတ်သာဝင်သွားရင် အရာအားလုံး ပြည့်စုံအောင် လုပ်လို့ရတယ်ဆိုတဲ့ Miss Universe Myanmar 2016 ထက်ထက်ထွန်း

မင်္ဂလာပါခင်ဗျာ။ မကြာသေးခင် ရက်ပိုင်းအတွင်းက ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက National Costume ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ မြန်မာ့ရုပ်သေး သဘင်ကို နိုင်ငံတကာစင်မြင့်မှာ ချပြခဲ့ပြီး အခုလိုဆွတ်ခူးရရှိခဲ့တာပါ။ ဒီဆုဟာ မြန်မာနိုင်ငံအတွက် Miss Universe ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တစ်လျှောက် Title ဆုတစ်ခု ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် အလှမယ် ထက်ထက်ထွန်းအနေနဲ့ ဘယ်လိုတွေပြင်ဆင်ခဲ့ရတယ်၊ ရှေ့ဆက် ဘာတွေလုပ်ဆောင်သွားမယ် ဆိုတာကို တွေ့ဆုံမေးမြန်းပေးသွားမှာ ဖြစ်ပါတယ်။

မင်္ဂလာပါ။ ပထမဆုံးအနေနဲ့ နိုင်ငံတကာအလယ်မှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပီတိစကားကို ကြားချင်ပါတယ်ဗျ။

ထက်ထက်ထွန်းဆိုတဲ့လူကို ဆုပေးလိုက်တာ မဟုတ်ဘဲနဲ့ မြန်မာဆိုပြီးတော့ ဆုပေးလိုက်တဲ့အတွက်၊ မြန်မာတစ်နိုင်ငံလုံးအတွက် ဒီဆုကို ကိုယ်ကမှ ယူပေးနိုင်လိုက်တယ်ဆိုတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို အရမ်းဂုဏ်ယူမိတယ်။ တစ်နိုင်ငံလုံး အတွက်ပေါ့နော်။

ဟုတ်ကဲ့ပါ။ ဒုတိယမေးခွန်းအနေနဲ့ကျေတော့  နိုင်ငံတကာက အလှမယ်တွေနဲ့ သွားရောက်ယှဉ်ပြိုင်တဲ့ အခါမှာ ထက်အနေနဲ့ ဒီကနေပြီးတော့ ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်မှုတွေ လုပ်သွားလဲဗျ။

ထက် နှစ်ကျမှလည်း ထူးထူးခြားခြား အချိန်တွေ တော်တော်လေးရလိုက်ပါတယ်။ တစ်နှစ်ကျော်ကျော်လောက် ပေါ့နော်။ အချိန်ရလိုက်တဲ့အခါကြတော့ တစ်လ တစ်လချင်းစီမှာ ဘာတွေလုပ်မယ်ဆိုတာ Schedule တွေ ချ ချပြီးတော့လုပ်ဖြစ်တယ်။ National Costume ကို ရုပ်သေးဝတ်စုံလို့ ကြားကတည်းက အချိန်ရရင်ရသလို ဆရာမနဲ့ သွားပြီးတော့ ရုပ်သေးအကလေးတွေ သင်ဖြစ်တယ်။ ပြီးရင် အချိန်ရရင်ရသလို Gym သွားပြီးတော့ Body လေးလည်း Train ဖြစ်တယ်။ အဲဒီမှာတင်မကဘူး။ စံပြဖြစ်အောင်နေရတဲ့ မိန်းမတစ်ယောက်ကို ရွေးချယ်တာဖြစ်တဲ့ အတွက်ကြောင့် သူတို့မှာ ထား ထားတဲ့စံက အကြီးကြီးပါ။ အဲဒါတွေ အားလုံးအတွက်ကတော့ အမြဲတမ်း နေ့စဉ်နေ့တိုင်းပေါ့နော်။ အမြဲတမ်းသင်ယူနေရတယ်၊ လေ့လာနေရတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်နေရတာတော့ နေ့စဉ်နေ့တိုင်းပါပဲ။ အများကြီးတော့ လုပ်ဖြစ်ပါတယ်။

ထက်အနေနဲ့ ဒီမြန်မာနိုင်ငံမှာဆိုလည်း ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်သွားပေမယ့် နိုင်ငံတကာစင်မြင့်မှာ တကယ့်ပြိုင်ပွဲဝင်တဲ့အခါမှာ ဘယ်လိုမျိုး အခက်အခဲတွေကြုံခဲ့ရလဲ။

အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီအခက်အခဲတွေက နိုင်ငံတကာစင်မြင့်ထက်မှာမှ မဟုတ်ဘူးပေါ့နော်။ ဘဝရဲ့တိုက်ပွဲဝင်တဲ့အခါကြရင်လည်း ကြုံတွေ့ရတဲ့ အခက်အခဲတွေက အများကြီးရှိပါတယ်။ ထက် စိတ်ပူခဲ့တာက ဒီ National Costume ကြီးကို ဒီ တစ်နိုင်ငံလုံးကိုဦးတည်ပြီး လုပ်သွားတဲ့ အရာကြီးပေါ့။ အဲဒီ Costume ကြီးကို တစ်ခါမှ Rehearsal လုပ်ပြီး မဝတ်ဘူးတဲ့အတွက် ငါ စင်ပေါ်ရောက်ရင် အခက်အခဲ ဖြစ်နေမလားဆိုတဲ့ စိတ်တစ်ခုတော့ ရှိတယ်ပေါ့။

ပြီးတော့ ရုပ်သေးဆိုတာက မြန်မာ့ယဉ်ကျေးမှုပြယုဂ်တစ်ခုလေ။ ဒီရုပ်သေးစင်ကြီးရော၊ ဒီရုပ်သေးဝတ်စုံရော ဝတ်ပြီးယှဉ်ပြိုင်ရမယ်ဆိုတော့ ဘယ်လိုစိန်ခေါ်မှုတွေရှိခဲ့လဲ။

အများကြီးပေါ့။ ဒီဝတ်စုံတွေ့တွေ့ချင်းမှာ အရင်နှစ်တွေကလည်း ဒီလောက်ကြီးကြီးမားမား ဝတ်စုံကြီးတွေ မရှိခဲ့ဘူးဆိုတော့ ဒီနှစ်မှာ ဝတ်စုံကြီးကြီးမားမားလည်း ကိုယ့်အတွက် လုပ်ပေးလိုက်ပြီ။ အဲဒီတော့ လုပ်ပေးတဲ့သူကတောင် ကောင်းကောင်းမွန်မွန်၊ ကြီးကြီးမားမားလုပ်ပေးလိုက်တဲ့ အချိန်မှာ ငါလည်း အကောင်းဆုံး ကြီးကြီးမားမား တစ်ခုကို ပြန်ပြီးလုပ်ပြခဲ့ရမယ် ဆိုတာကို စိတ်ထဲမှာ အတွေးတွေကတော့ အများကြီးပေါ့နော်။

အခုဆို ထက်အနေနဲ့ မြန်မာ့ရုပ်သေး သဘင်ကို နိုင်ငံတကာကို ချပြနိုင်ခဲ့ပြီ။ ဒါပေမယ့် မြန်မာနိုင်ငံမှာကြတော့ ရုပ်သေးသဘင်က ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဆိုေတော့ ထက်အနေနဲ့ မြန်မာ့ရုပ်သေးသဘင် တိုးတက်အောင် ဘယ်လိုတွေ ဆက်ကြိုးစားသွားဖို့ရှိလဲဗျ။

ဒီဟာနဲ့ပတ်သက်ပြီးတော့ ကိုယ့်ရဲ့ပြယုဂ်လေးလည်းဖြစ်တယ်။ Image လေးတစ်ခုလည်းဖြစ်တယ်။ အားလုံးကလည်း ထက်ကို အခုဆိုရင် အရုပ်ကလေးဆိုပြီးခေါ်ကြတဲ့ Nickname လေး ရှိတယ်။ တစ်ကမ္ဘာလုံးကလည်း ရုပ်သေးဆိုပြီးတော့ မြန်မာကို သိသွားကြတဲ့အချိန်မှာ ဒါဆက်ပြီးတော့ လုပ်သွားရမယ်ဆိုတဲ့အတွေးတွေ ထက်ဆီမှာရှိပါတယ်။ ဒီရုပ်သေးက တီချယ်ပြောပုံအရတည်းက သိလိုက်တာက မြန်မာနိုင်ငံမှာပျောက်လုနီးပါးရှိနေပြီ။ အဲဒီတော့ ဒါကို ငါသွားပြီး ချပြမယ်ဆိုတာ ဒါ အရမ်းကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပေါ့နော်။ အဲဒီလိုမျိုး တွေးမိတယ်။ ဒီရုပ်သေးမှမဟုတ်ဘူး။ မြန်မာနိုင်ငံကို ကမ္ဘာကသိအောင် ဘယ်လိုဖော်ဆောင်ရမလဲ ။ ဒီ ကမ္ဘာက မြန်မာကို မသိသေးတာတွေ အများကြီးရှိသေးတယ်ဆိုတာ ထက်သိခဲ့တယ်။ အဲဒီတော့ မသိသေးတဲ့အရာတစ်ခုကို ပြောပြတဲ့အချိန်မှာ သူတို့သိလာတာကို သိလာတဲ့အချိန်မှာ ဒီထက်ပိုပြီး သိအောင်လုပ်ချင်စိတ်တွေ အများကြီးဖြစ်လာတယ်။

မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု အလှမယ်တစ်ယောက် အနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးအတွက် ဘယ်ကဏ္ဍကနေ လုပ်ဆောင်သွားဖို့ရှိလဲ။

ထက်အနေနဲ့ကတော့ ထက် ငယ်ငယ်လေးကတည်းက ထက်အရမ်းလုပ်ချင်တဲ့အပိုင်းက ဒီတိရိစ္ဆာန်တွေဘက်ကို ဦးတည်ပြီးတော့ လုပ်ချင်ခဲ့တယ်။ တိရိစ္ဆာန်လေးတွေကိုလည်း ထက်ချစ်တဲ့စိတ် ပါတယ်။ ဒီလိုချစ်တဲ့အတွက်လည်း အခုဆိုရင် ကိုယ်ကိုယ်တိုင်က ဦးဆောင်ပြီးတော့ ထက်အခုဆိုရင် သက်သက်လွတ် ရာသက်ပန်စားနေတယ်။ အဲဒီအပြင်ကို တစ်နေ့ထက် လုပ်လာနိုင်တဲ့ အချိန်ကြရင် ဖောင်ဒေးရှင်းကြီးတစ်ခုကို တိရိစ္ဆာန်တွေအတွက် ဦးစီးပြီး လုပ်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက လုပ်ပေးမယ့်လူတွေ အများကြီးရှိတယ်။ တိရိစ္ဆာန်တွေကြတော့ သူတို့မိဘနဲ့ သားသမီးအချင်းချင်း မောင်နှမအချင်းချင်းတောင်မှ သိကြတာမဟုတ်ဘူး။ အသိဉာဏ်မရှိတဲ့ အခါကြတော့ ကယ်သူမဲ့ပါတယ်။ အဲဒီတော့ သူတို့တွေဘက်ကို ထက် ဦးစားပေးပြီး လုပ်ပေးသွားမှာပါ။

ထက်အနေနဲ့ Philippine မှာ သွားပြီး ယှဉ်ပြိုင်နေတဲ့အချိန်မှာ ဒီမြန်မာနိုင်ငံမှာဆိုရင် ထက်ထက်ထွန်းအတွက်ဆိုပြီး Voting Campaign တွေ လုပ်ကြတယ်။ နောက် နိုင်ငံတကာကနေ Vote လုပ်ပေးကြတဲ့ ပရိသတ်တွေအတွက် ဘယ်လိုမျိုးကျေးဇူးတင်စကားတွေ ပြောချင်လဲ။

ဟုတ်။ ကျေးဇူးတင်စကားဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထက် နှစ်မှ ဖြစ်တယ်ဆိုတဲ့ အရာတွေ အများကြီးရှိပါတယ်။ ထက်ထက်ထွန်းနှစ်မို့ လုပ်ပေးတယ်ဆိုတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ထက်ထက်ထွန်းကို ချစ်လို့ လုပ်ပေးတယ်ဆိုတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အဲဒီသူ တစ်ယာက်ချင်းစီတိုင်းကို ထက် ကျေးဇူးတင်ပါတယ်။

 ဟုတ်။ ထက်အနေနဲ့ဆိုရင် ပြိုင်ပွဲသွားမပြိုင်ခင်ကတည်းက ဒီ National Costume ဆုကို ငါရရမယ်ဆိုပြီးရည်မှန်းချက်ထားသွာမျိုးရောရှိလားဗျ။

National Costume မှ မဟုတ်ဘူး။ ရှိသမျှဆု အကုန်လိုချင်တယ်လို့မှန်းသွားတာ။ ဒါပေမယ့် တကယ်ကမ္ဘာ့အဆင့်မီပြိုင်ပွဲကြီးမှာ ဆုတစ်ဆုရဖို့ဆိုတာ အရမ်းကိုခက်ခဲတယ်ဆိုတာ ထက် သိပါတယ်။အဲဒီအခါကြတော့ အကောင်းဆုံအတွက် မျှော်လင့်ထားသလို အဆိုးဆုံးအတွက် ရင်ဆိုင်ဖို့ပြင်ဆင်ထားပါတယ်။ တစ်နှစ်မှလည်း မရခဲ့ဖူးဘူးဆိုတော့ ဒါမျှော်လင့်တာပဲရှိတာပေါ့နော်။

ဒီ မြန်မာနိုင်ငံအလှမယ်တွေအနေနဲ့ နိုင်ငံတကာအလှမယ်တွေနဲ့ ရင်ဘောင်တန်းနိုင်အောင် လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲဗျ။ နောက် Miss Universe ပြိုင်ပွဲဝင်မယ့် ညီမငယ်တွေအတွက်ရော ထက်အနေနဲ့ဘယ်လိုအကြံပြုချက်တွေ ပေးချင်လဲ။

Body အလှချည်းပဲလည်း အရေးမကြီးပါဘူး။ ဒီတစ်ဖက်တည်းမှာ အလှအပချည်းတစ်ခုတည်းနဲ့ ပြီးဆုံးသွားတဲ့ အရာမဟုတ်ပါဘူး။ အဲဒီအခါကြတော့ နောင်လာနောင်သားတွေအားလုံး ထက် ပြောချင်တာက အဖက်ဖက်က အရာအားလုံးကို ဖြည့်ဆည်းသွားပါ။ ပြည့်စုံအောင် အခုအချိန်ကတည်းက ကိုယ့်ကိုယ်ကို အကောင်းဆုံးကြိုးစားပါ။ ဒါပေမယ့် ပြိုင်ပွဲတစ်ခုပြိုင်နေတယ်ဆိုတာထက် အားလုံးကနိုင်ငံကို ကိုယ်စားပြုလာပြိုင်တာဖြစ်တဲ့အတွက် ငါက ဒီနိုင်ငံကိုကိုယ်စားပြုနေပါတယ်ဆိုတဲ့ စိတ်ကလေးသာဝင်သွားလို့ရှိရင် အရာအားလုံးက ပြည့်စုံအောင် ကိုယ်ကလုပ်ဖြစ်သွားမှာပါလို့။

ကျေးဇူးတင်ပါတယ်ခင်ဗျ။

ဟုတ်ကဲ့ပါ။ အခုလိုအသေးစိတ်မေးပြီးတော့ အသေးစိတ်ဖြေခွင့်ရတဲ့အတွက်ကို ထက်ကပိုပြီးကျေးဇူးတင်ပါတယ်။ ဒီလိုမျိုးပြောခွင့်ရမှာသာ ကိုယ့်ရဲ့ဘဝအတွေ့အကြုံတွေကိုလည်း ပြောခွင့်ရမယ်။   နောင်လာနောက်သားတွေအတွက်လည်း ဒါကအများကြီး အကျိုးရှိမယ်ပေါ့နော်။ အဲဒီလိုပြောခွင့်ရတာကိုပဲ ထက်ကျေးဇူးတင်ပါတယ်ရှင့်။

ဟုတ်ကဲ့ပါ။ အခုဆိုရင်တော့ နိုင်ငံတကာစင်မြင့်မှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းရဲ့ ပြိုင်ပွဲမဝင်ခင်ကြိုတင်ပြင်ဆင်ပုံတွေနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လှုပ်ရှားမှုတွေကို မေးမြန်းခဲ့တာပါ။ ဒီအစီအစဉ်ကို ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက် ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly