ဆီကြိတ်လို့လည်းရ အစေ့စားလို့လည်းရ နေကြာစိုက်ကြမလား

03 February 2017
ဆီကြိတ်လို့လည်းရ အစေ့စားလို့လည်းရ နေကြာစိုက်ကြမလား
 

နေကြာက အရိုင်းနဲ့အယဉ်ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ အရိုင်းပင်က နှစ်ရှည်ခံအပင်ဖြစ်ပြီး နေကြာအယဉ်ကတော့ တစ်နှစ်ခံပင်ပဲ ဖြစ်ပါတယ်။

တစ်နှစ်ခံနေကြာမှာလည်း ဆီစား နေကြာနဲ့ အစေ့စား နေကြာဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ နေကြာပန်းပင်က ကိုင်းများစွာ ထွက်လေ့မရှိကြပဲနဲ့ တစ်ပင်ကို ပန်းပွင့် တစ်ပွင့်သာ ပွင့်လေ့ရှိပါတယ်။ ဒါကြောင့် နေကြာ တစ်ဧက ထွက်နှုန်းကတော့ တစ်ဧကမှာရှိတဲ့ အပင်နဲ့ အောင်မြင်တဲ့ ပန်းခိုင်တို့က အဓိကကျပါတယ်။

တစ်ဧကလုံးအတွက် အထွက်နှုန်း ကောင်းရန်အတွက် ပန်းပွင့်ရန် အသင့်တော်ဆုံး အပင်ဦးရေ များများရရှိရန်အတွက် ဖြစ်ပြီးတော့ ပန်းပွင့်ရန်အတွက်ကလည်း အောင်မြင်တဲ့ အစေ့များ ရရှိရမှာ   ဖြစ်ပါတယ်။

အစေ့များကလည်း အလေးချိန်စီးရမှာဖြစ်ပါတယ်။ နေကြာပင်ကတော့ မြေသြဇာ ထက်သန်မှုကို ကြိုက်နှစ်သက်ပါတယ်။ ရေဝပ်ခြင်းကိုတော့ လုံးဝ မနှစ်သက်ပါဘူး။ နုန်းမြေ၊ သဲနုန်းမြေ၊   နုန်းမြေဆွေးတို့မှာ နေကြာက ကောင်းစွာ ဖြစ်ထွန်းပါတယ်။ သဲမြေသန့်သန့် ရွှံ့ဆွေးမြေနဲ့ ကျောက်စလစ်မြေတွေမှာဆိုရင်တော့ နေကြာကို မစိုက်ပျိုးသင့်ပါဘူး။

အခု ကျွန်တော်တို့အဖွဲ့သားတွေ ရောက်ရှိနေတာကတော့ ဟင်္သာတမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ရွှေဂူ မြေနုကျွန်းပေါ်မှာဖြစ်ပါတယ်။ စိုက်ပျိုးဖြစ်ထွန်းနေတဲ့ နေကြာစိုက်ခင်းထဲကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့သားတွေက နေကြာပန်းကို ဘယ်လိုစိုက်ပျိုးတယ် နေကြာမှာ ဖြစ်ထွန်းအောင် ဘယ်လိုပြုစုရသလဲဆိုတာကို  တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

နေကြာပင်ဟာ မိုးခေါင်တာကို ခံနိုင်ပြီးတော့ မိုးများပြီး ရေဝပ်တဲ့ဒဏ်ကို မခံနိုင်တဲ့အတွက် မိုးများတဲ့ဒေသတွေမှာဆိုရင်တော့ မိုးလယ်နဲ့ ဆောင်းဦးကို စိုက်ပျိုးသင့်ပါတယ်။ အကောင်းဆုံးကတော့ မိုးနှောင်းပိုင်းမှာ စိုက်ပျိုးတာပဲ ဖြစ်ပါတယ်။

နေကြာပန်းပင် စိုက်ပျိုးမယ့် မြေကိုတော့ သုံးသွား လင်ဗန်းထယ်နဲ့ ထိုးပေးပြီး ၁၆ သွားထွန်နဲ့ ၂ စပ် ၃ စပ် မွှေပေးရမှာပါ။ စိုက်ဘောင်များကို ဖော်ပြီးတော့ မျိုးစေ့များကို မြေအနက် ၂ လက်မထက် ပို၍ မနက်စေဘဲ မျိုးစေ့ချပေးရမှာ ဖြစ်ပါတယ်။ တစ်ကျင်းကိုတော့ အစေ့ ၄ စေ့ ၅ စေ့ ချပေးရမှာဖြစ်ပြီး လေးငါးရက်အတွင်းမှာ အပင်ပေါက်ကလေးများ ထွက်လာမှာပဲ ဖြစ်ပါတယ်။

အရွက်များထွက်လာတဲ့အခါမှာတော့ အကောင်းဆုံးအပင်ကို ချန်ထားပြီးတော့ ကျန်အပင်တွေကို နှုတ်ပေးရမှာဖြစ်ပါတယ်။ အသက် ရက် ၃၀ ကနေ ၃၅ ရက်သားမှာတော့ အဖူးအကင်းလေးများ စဝင်နေချိန်ဖြစ်ပြီး ပေါင်းလိုက်ခြင်း ဘောင်တင်ခြင်းတို့ကို ပြုလုပ်ပေးရမှာပါ။

ပိုးမွှားအန္တရာယ် နှိမ်နှင်းမှုကိုတော့ စောစောပြုလုပ်ရမှာဖြစ်ပြီး ပန်းပွင့် ပွင့်တဲ့အချိန်ရောက်မှ ပိုးသတ်ဆေးဖျန်းခြင်းကိုတော့ မပြုလုပ်ရပါဘူး။

နေကြာကို မထွန်ယက်မီ တစ်ဧကကို နွားချေး တင်း ၁၀၀ ဒါမှမဟုတ်ရင် တင်း ၂၀၀ ချပေးရမှာဖြစ်ပါတယ်။ ပုလဲက ၂၃ ပိဿ၊ တီစူပါ ၃၀ ပိဿာ၊ ပိုတက် ၇ ပိဿာ၊ စတာတွေကို ထွန်ယက်တဲ့အချိန်မှာ ထည့်ပေးရမှာဖြစ်ပါတယ်။ လေးဆယ်ရက်သားခန့် ရှိပြီဆိုရင်တော့ ပုလဲ ၅ ပိဿာကနေ ၂၃ ပိဿာအထိ ထည့်ပေးရမှာလည်း ဖြစ်ပါတယ်။ ၂ လသားအရွယ်မှာ ပန်းခိုင်များ ပွင့်ပြီးတော့ ရက်ပေါင်း ၉၀ ဒါမှမဟုတ်ရင် ၁၀၀ ကြားမှာ ခူးဆွတ်နိုင်မှာပဲ ဖြစ်ပါတယ်။

ရက် ၁၀၀ မှာ ရှိတဲ့ပုံသဏ္ဍာန်မှာ ပန်းပွင့်တွေဟာ ညိုဝါရောင် ဖြစ်လာတဲ့အခါမှာတော့ အစေ့များ အောင်မြင်ပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပန်းပွင့်အုံရဲ့အောက် လေးလက်မခန့် ခွာပြီးတော့ ခုတ်သိမ်းပေးရမှာလည်း ဖြစ်ပါတယ်။

နေကြာပင်မှာ ကျရောက်တတ်တဲ့ ရောဂါတွေကတော့ နေကြာပင်ရင်းပုတ် ရောဂါနဲ့၊ နေကြာ ပင်မဲရွက်ပျောက်ရောဂါ၊ နေကြာ သံချေးတက်ရောဂါ၊ နေကြာအပွင့်ပုတ် ရောဂါတို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly