ရာဇသတ်ကြီး ပုဒ်မ ၃၇၆တွင် သေဒဏ် ထည့်သွင်းရေးအဆိုအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှတ်ချက် ဆီလျော်မှုမရှိဟု ဦးသိန်းညွန့်ဝေဖန်

ရာဇသတ်ကြီး ပုဒ်မ ၃၇၆တွင် သေဒဏ် ထည့်သွင်းရေးအဆိုအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှတ်ချက် ဆီလျော်မှုမရှိဟု ဦးသိန်းညွန့်ဝေဖန်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ။              ။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ပါ ပြဋ္ဌာန်းချက်အား ပြင်ဆင်ရေးအဆိုနှင့် ပတ်သက်ပြီး ပြည်ထောင်စုတရား လွှတ်တော်ချုပ်ဖြစ်သူ တရားသူကြီး ဦးမြသိန်းက ယမန်နေ့ ပြည်သူ့လွှတ်တော်၌ ပေးခဲ့သည့် သဘောထားမှတ်ချက်သည် ဆီလျော်မှုမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ဝေဖန်ပြောဆိုလိုက်သည်။

"ကျွန်တော်တော့ အဲ့အကြောင်းပြချက်ကိုသဘောမတူဘူး။ မြန်မာဘာသာပြန် ဥပဒေကော်မတီကနေ ပြန်ဆိုပြီးသား ရာဇသတ်ကြီး ရှိတယ်" ဟု ဦးသိန်းညွန့်က သုံးသပ်ပြောဆိုသည်။

ယမန့်နေ့(ဖေဖော်ဝါရီ ၂) ရက်နေ့က လွှတ်တော်၌ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဖြစ်သူ တရားသူကြီး ဦးမြသိန်းက ရာဇသတ်ကြီးကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ကျော်က အင်္ဂလိပ်လို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်လိုသည့် ပြဋ္ဌာန်းချက် စကားရပ်များကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပြီး ပြင်ဆင်ရကြောင်း လွှတ်တော်တွင် သဘောထားမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒေါ်ခင်စောဝေ တင်သွင်းသော ပြင်ဆင်ချက်အဆိုသည် မြန်မာဘာသာဖြင့် ရေးသားထားသည့်အတွက် မူရင်း အင်္ဂလိပ်ဘာသာပြဋ္ဌာန်းချက်တွင် ထည့်သွင်းပြင်ဆင်ရန် နည်းလမ်းမမှန်သည့်အတွက် နည်းလမ်းတကျ ပြင်ဆင်ပြီးမှ တင်သွင်းသင့်ကြောင်း လွှတ်တော်၏ သဘောထားရယူခဲ့ရာ ဒေါ်ခင်စောဝေ၏အဆိုကို ဆက်လက်ဆွေးနွေးရန်မသင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

"ဒေါ်ခင်စောေ၀ တင်သွင်းတဲ့ ပြင်ဆင်ချက်အဆိုကို ဘာသာပြန်ခိုင်းရုံပါပဲ။ ရာဇသတ်ကြီးက ဘာသာပြန်ပြီးသား အဲ့ဒါကို ဒေါ်ခင်စေဝေတို့က လွှတ်တော်ထဲယူမသွားတာပဲ အားနည်းချက်ဖြစ်သွားတာ" ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ဆိုသည်။

အဆိုရှင်ဖြစ်သူ ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ရာဇသတ်ကြီးဥပဒေ ဥပဒေပုဒ်မ ၃၇၆ပါ ပြဋ္ဌာန်းချက်တွင် “မည်သူမဆို အသက်(၁၆)နှစ်အောက် မိန်းကလေးတစ်ဦးအား မုဒိမ်းမှုကျူးလွန်လျှင် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်သည်။ မည်သူမဆို လူနှစ်ဦးနှင့်အထက် ဝိုင်းဖွဲ့၍ အသက်(၁၆)နှစ်အောက်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းမှုကျူးလွန်လျှင် သေဒဏ်ချမှတ်ရမည်” ဟူသော စကားရပ်များနှင့် အစားထိုးရမည်ဟု လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိပြဋ္ဌာန်းထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆တွင် “မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟူ၍ ပြဋ္ဌာန်းထားပြီး သေဒဏ်ပါဝင်ခြင်းမရှိကြောင်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly