မြန်မာဘီယာချက်စက်ရုံ MBL ရှိ F&N ၏ ရှယ်ယာကို ကျပ်ဘီလီယံ ၅၀၀ဖြင့်မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် ၀ယ်မည်

မြန်မာဘီယာချက်စက်ရုံ MBL ရှိ F&N ၏ ရှယ်ယာကို ကျပ်ဘီလီယံ ၅၀၀ဖြင့်မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် ၀ယ်မည်

စင်ကာပူ၊ ရန်ကုန် ဇူလိုင် ၂၃ ။       ။ Myanmar Brewery Limited (MBL) တွင် Fraser & Neave ၏ ရှယ်ယာ ၅၅ ရာခိုင်နှုန်း ပါဝင်မှုနှင့် ပတ်သက်၍ အငြင်းပွားခြင်းကို ဖြေရှင်းရန် သမာဓိခုံရုံးက ညွှန်ကြားထားသော လွတ်လပ်သည့် ရာဖြတ်၏ အစီရင်ခံစာ ကို ကြိုဆိုကြောင်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ဇူလိုင် ၂၃ တွင် ထုတ်ပြန်လိုက်သည်။

MBL တွင် F&N ၏ ၅၅ရာခိုင်နှုန်းရှိ ရှယ်ယာတန်ဘိုးမှာ ကျပ်ငွေဘီလီယံ ၅၀၀နှင့် ညီမျှသည်ဟု ဇူလိုင် ၂၂ က ရာဖြတ်က ခန့်မှန်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဦးပိုင်ဒါရိုက်တာ ဦးနေဝင်းက "အခုလို တန်ဘိုးဖြတ်မှုဟာ F&N နဲ့ ဖက်စပ်သဘောတူညီမှုအရ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့အတွက် မမျှော်လင့်ဘဲ ရှည်ကြာနေတဲ့ လုပ်ငန်းစဉ်တစ်ခုကို အပြီးသတ်ဖို့ ခြေတစ်လှမ်း တိုးလာခြင်းဖြစ်ပါတယ်။" ဟု ပြောကြားသည်။

"ခုံသမာဓိခုံရုံးက ညွှန်ကြားတဲ့ ရက် ၃၀ ကာလအတွင်း ဘီလီယံ ၅၀၀ ကျပ် နဲ့ MBL မှာရှိနေတဲ့ F&N ရဲ့ ရှယ်ယာရောင်းဝယ်ရေး ကို အပြီးသတ်ဖို့ ဦးပိုင်က အဆင်သင့်ရှိပါတယ်။" ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၃ ခုနှစ်၌ F&N က တာဝန်များပျက်ကွက်ပြီးနောက် ဖက်စပ်သဘောတူညီချက်အရ F&N သည် MBL ရှိ ၎င်း၏ ရှယ်ယာ ကိုရောင်းချရန် တာဝန်ရှိကြောင်း အမိန့်တစ်ခုဖြစ်ပေါ်လာရန် ခုံရုံးဖြင့်ဆုံးဖြတ်ရေးအတွက် ဦးပိုင်က စတင်ကြိုးပမ်းခဲ့သည်။

၂၀၁၄ခုနှစ် အောက်တိုဘာလက သမာဓိခုံရုံးသည် ဦးပိုင်၏ တောင်းဆိုမှုကို လက်ခံပြီး MBL ရှိ ၎င်းရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဦးပိုင်သို့ ရောင်းချရန် F&N အား အမိန့်ပေးခဲ့သည်။ သို့မဟုတ် လွတ်လပ်သော ရာဖြတ်တစ်ခု၏ ဆုံးဖြတ်ချက်အတိုင်း တန်ဘိုးဖြတ်ရန် အမိန့်ပေးခဲ့သည်။

ယခုနောက်ဆုံးတန်ဘိုးဖြတ်မှုက ၂၀၁၃ ခုနှစ်က ဆောင်ရွက်မှုနှင့် ခြားနားသော်လည်း ၂၀၁၃ ၌ တန်ဘိုးဖြတ်မှုကို ဖက်စပ် သဘောတူညီမှု ပြဋ္ဌာန်းချက်များနှင့်အညီ တတိယအဖွဲ့အစည်းအဖြစ် ရာဖြတ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဦးပိုင်ကပြောကြားခဲ့ သည်။ ထို့အပြင် လွတ်လပ်သော နိုင်ငံတကာစာရင်းကိုင်ကုမ္ပဏီတစ်ခုကလည်း အတည်ပြုခဲ့သည်ဆိုသည်။

ရောင်းချမှုမှာ ၂၀၁၃ ခုနှစ်က ဒေါ်လာပေါက်ဈေးအတိုင်းဖြစ်သင့်သည်ဆိုသည့် F&N ၏ ရပ်တည်ချက်ကိုမူ သဘောမတူဟု ဦးပိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly