တိုက်ပွဲများ တိုး၍ ဖြစ်ပွားနေခြင်းကြောင့် ရုရှကို ကမ္ဘာက ပိုပြီးဖိအားပေးရန် ယူကရိန်းက မေတ္တာရပ်ခံ

တိုက်ပွဲများ တိုး၍ ဖြစ်ပွားနေခြင်းကြောင့် ရုရှကို ကမ္ဘာက ပိုပြီးဖိအားပေးရန် ယူကရိန်းက မေတ္တာရပ်ခံ

ကိဗ်၊ ဖေဖော်ဝါရီ ၃ ။           ။ ယူကရိန်းနိုင်ငံ အက်ဗ်ဒီဗာကာမြို့မှာ ရုရှကျောထောက်နောက်ခံပြုတဲ့ သူပုန်တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရုရှကို ကမ္ဘာက တိုးပြီးဖိအားပေးဖို့ရန် ယူကရိန်းသမ္မတက မေတ္တာရပ်ခံတောင်းဆိုပါတယ်။ တစ်ဟုန်ထိုးဖြစ်ပွားလာခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာဆိုရင် သေဆုံးသူပေါင်းက ၂၅ ဦးအထိ ရှိသွားပြီလည်းဖြစ်ပါတယ်။

ရုရှလိုလားသော သူပုန်တွေ အုပ်စိုးထားတဲ့ မြို့တော် ဒွန်နက်စ်မြောက်ပိုင်းက အက်ဗ်ဒီဗာကာမြို့တိုက်ပွဲတွေမှာ နှစ်ဖက်အဖွဲ့တွေက မော်တာကျည်နဲ့ ဒုံးလောင်ချာတွေ သုံးပြီး ပစ်ခတ်တိုက်ခိုက်နေကြတာပါ။

ဇန်နဝါရီ ၂၉ ရက်ကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၀၀၀၀ ကျော်ထက်မနည်းက အေးခဲတဲ့ဆောင်းတွင်းမှာ အပူပေးစနစ်မရတာ၊ ရေပြတ်လပ်တာတွေ  ကြုံနေရပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ယူကရိန်းမှာ ရုရှရဲ့ နိုင်လိုမင်းထက်ပြုမှုကို ဖေဖော်ဝါရီ ၂ ရက်က ရှုတ်ချလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှနဲ့ ဆက်ဆံရေး ကောင်းမွန်မှုကို လိုလားနေတဲ့ကြားက အမေရိကန်ရဲ့ အထောက်အပံ့ရရေးကို ယူကရိန်းက မျှော်လင့်နေချိန်မှာ ခုလို တိုက်ပွဲသစ်တွေ   ဖြစ်ပွားလာတာပဲဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ရုရှနဲ့ ယူကရိန်းက တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်အပြစ်တင်ကြပါတယ်။

“ဗုံးကြဲတိုက်ခိုက်မှုတွေ အဆုံးသတ်ရေးအတွက် ကမ္ဘာက ရုရှကို ပိုပြီးဖိအားပေးသင့်တယ်။ ယူကရိန်းကို လူသားချင်းစာနာထောက်ထားရေး ကပ်ဘေးအတွင်း ရုရှက ဆွဲနှစ်နေတာပဲဖြစ်တယ်။”လို့ ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုက ထုတ်ပြန်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags