ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN ထပ်မံ တွေ့ဆုံရန် အဆင်မပြေသေး

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN ထပ်မံ တွေ့ဆုံရန် အဆင်မပြေသေး
ဇန်နဝါရီလ ၁၃ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒီပီအန်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးတဲ့ခဲ့စဉ်။

ချင်းမိုင်၊ဖေဖော်ဝါရီလ ၁။              ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)မှ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် UNFC နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ထပ်မံတွေ့ဆုံနိုင်ရန်လည်း အဆင်မပြေသေးကြောင်း UNFC တွဲဘက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောသည်။

“မနေ့က ရုံးအချင်းချင်း အလွတ်သဘောထပ်တွေ့မယ်ဆိုရင် တရားဝင်မတွေ့ခင်မှာ အလွတ်သဘောတွေ့ကြမလားဆိုပြီးတော့ မေးကြည့်တာ တုံ့ပြန်မှုက သူတို့ ဒီကြားထဲမှာ ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှု အစည်းအဝေး လုပ်နေကြတယ်။ အလွတ်သဘောတွေ့ဖို့ အခြေအနေမရှိဘူးဆိုတဲ့သဘော၊ လောလောဆယ် အဆင်မပြေသေးတဲ့သဘောပေါ့”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးစဉ်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)မှ ဖွဲ့စည်းထားသော DPN တို့ ဇန်နဝါရီလကုန်ပိုင်းတွင်   ပြန်လည်တွေ့ဆုံရန် သဘောတူဆွေးနွေးခဲ့သော်လည်း ယနေ့ထိ ပြန်လည် တွေ့ဆုံနိုင်ရန် အဆင်မပြေသေးခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရက်ညှိနေတယ်။ DPN က ရက်မပေးသေးဘူး။ ၂၆ ရက်နေ့က ပို့လိုက်တဲ့စာမှာက ညှိနှိုင်းဖို့ဘဲပါတယ်။ ရက်မပါဘူး။ ရန်ကုန်မှာလာပြီး ဆွေးနွေးဖို့၊ သူတို့ရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူပေးပါ့မယ်လို့ ပြောထားတယ်”ဟု ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် မရေးထိုးသေးသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တို့ တွေ့ဆုံရန်အတွက်လည်း မရှင်းလင်းသဖြင့် ညှိနှိုင်းနေရဆဲဟု ဦးထွန်းဇော်က ပြောသည်။

“ကျွန်တော်တို့က မူလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇန်နဝါရီလ ၃၀၊၃၁ ရက်နေ့မှာ တွေ့လို့ရမလားလို့ မေးလို့ ကျွန်တော်အဆင်ပြေတယ်လို့ ပြောလိုက်တာ။ သူတို့ စာရေးလာတာက ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့မယ်ဆိုရင် အဆင်သင့်ဖြစ်တယ်လို့ တုံ့ပြန်တယ်။ မူလပြောထားတာနဲ့ စာရေးထားတာနဲ့ မရှင်းဘူးဖြစ်နေတယ်။ အဲဒီအပေါ်မှာ မရှင်းဘူးဖြစ်တဲ့အပေါ်မှာ ကျွန်တော်တို့ စာရေးပြီးတော့ ပြန်အကြောင်းကြားထားတယ်”ဟု သူက ပြောသည်။ 

ဇန်နဝါရီလ ၁၃ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်မှ ဦးအောင်ကြည် ဦးဆောင်သောအဖွဲ့နှင့် အလွတ်သဘောတွေ့ဆုံအပြီးတွင် DPN ဘက်မှ လက်ရှိ ဖြစ်နေသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် စာရေးသားပေးပို့လိုက်ကြောင်း ယင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်မှလည်း အပြုသဘောဆောင်သည်ဟု ပြန်လည် တုံ့ပြန်ခဲ့ပြီး ဇန်နဝါရီလ ၃၀ နှင့် ၃၁ ရက်နေ့တွင် တွေ့ဆုံရန် ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ DPN ကို ကမ်းလှမ်းခဲ့သည်ဟု ဦးထွန်းဇော်က ပြောသည်။

သို့သော် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဒေါက်တာ တင်မျိုးဝင်းမှ ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်ကြောင်း စာရေးသားခဲ့မှုအပေါ် မရှင်းလင်းသဖြင့် ထပ်မံ စာရေးသားပေးပို့မှုအပေါ် ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ တုံ့ပြန်လာခြင်း မရှိသေးကြောင်း သူက ပြောသည်။

“မူလက ကျွန်တော်တို့ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်ဆိုတဲ့ အစီအစဉ်က ဘယ်လို အနေအထားရှိသလဲ။ အဲဒီလိုမေးထားတာ အဲဒီအပေါ်မှာတော့ ကျွန်တော်တို့ဆီကို တရားဝင် တုံ့ပြန်တာတော့ မရှိသေးဘူး။ မနေ့ကတော့ ရုံးအချင်းချင်း အလွတ်သဘော ပြောကြတာ ရှိတယ်။ ဒေါက်တာတင်မျိုးဝင်းတို့က ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ တွေ့ဖို့ အဆင်သင့်ဖြစ်တယ်ဆိုတဲ့ အဓိပ္ဗါယ်က ငြိမ်းချမ်းရေး ကော်မရှင်နဲ့ပဲတွေ့မယ်။ ဒေါ်ေအောင်ဆန်းစုကြည်နဲ့ မတွေ့တော့ဘူးဆိုတဲ့ အဓိပ္ဗါယ်လားပေါ့နော်။ သူတို့ဘက် တရားမဝင် တုံ့ပြန်တာ မရှိသေးဘူး”ဟု ဦးထွန်းဇော်က ဆက်လက် ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှာဘဲ ဒေါက်တာတင်မျိုးဝင်းမှ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ကို နိုင်ငံရေးဆွေးနွေးလိုပါက ရန်ကုန်မြို့သို့ လာရောက်ဆွေးနွေးနိုင်ကြောင်း သီးသန့် ဖိတ်ကြားစာ ပေးပို့ခဲ့သည်။ KIO ကလည်း ယင်းနေ့မှာဘဲ ၎င်းတို့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့်ကိစ္စ၊ မြေပြင်တွင် တပ်မတော်မှ ထိုးစစ်ဆင်နေသည့်ကိစ္စများအား ရှင်းရှင်းလင်းလင်း သိလိုကြောင်း ပြန်လည် တုံ့ပြန်စာပေးပို့ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags