မြို့တွင်းမှ မြို့ပြင်သို့ ပြေးဆွဲသော YBS ယာဉ်လိုင်းများ ည ၉ နာရီထိ မပြေးဆွဲပါက သတိပေး ဖျက်သိမ်းမည်

မြို့တွင်းမှ မြို့ပြင်သို့ ပြေးဆွဲသော YBS ယာဉ်လိုင်းများ ည ၉ နာရီထိ မပြေးဆွဲပါက သတိပေး ဖျက်သိမ်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂ ။           ။ ရန်ကုန် မြို့တွင်းမှ မြို့ပြင်သို့ ပြေးဆွဲနေသော YBS ယာဉ်လိုင်းများ နောက်ဆုံးသတ်မှတ်ချိန် ညပိုင်း ၉ နာရီထိ မပြေးဆွဲပါက စည်းကမ်းဖောက်ဖျက်သော ယာဉ်လိုင်းများကို ၃ ကြိမ်ခန့် သတိပေးပြီးနောက် ဖျက်သိမ်းသွားမည် ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က  မဇ္ဈိမသို့ ပြောသည်။

“ မြို့တွင်းကနေ မြို့ပြင်ထွက်တဲ့လိုင်းတွေမှာ တစ်ချို့တွေက အစောကြီးသိမ်းတာတွေ ဖြစ်နေတယ်။ ဆရာတို့ ကတော့ တစ်ဆင့်ပြီးတဆင့် အနည်းဆုံး ၃ ကြိမ်လောက် သတိပေးသွားမှာပေါ့။   နောက်ဆုံးမရရင်တော့ ဖျက်သိမ်းသွားပါမယ်။ ပြောချင်တာက စည်းကမ်းထိန်းသိမ်းရေးပိုင်းကတော့ ဆရာတို့ဘက်ကတော့ လုံးဝမလျော့ဘူး။ အဲ့ဒါကတော့ သေချာတယ်”ဟု ဒေါက်တာမောင်အောင်က   ပြောသည်။

မြို့တွင်းမှ မြို့ပြင်သို့ ထွက်သည့် ယာဉ်လိုင်းများအနေဖြင့် ည ၈ နာရီနောက်ပိုင်းတွင် ပြေးဆွဲမှုမရှိတော့သည့်အတွက် ပထမဆုံးအနေဖြင့် သတိပေးသွားမည်ဖြစ်ကာ သတိပေးမည့်အရေအတွက်ကိုလည်း   ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လိုင်းများကိုလည်း တိုင်ကြားရေးဌာနတွင် မှတ် တမ်းတင်ထားရှိကြောင်း သိရသည်။

“ ဆရာတို့က အဆင့်မြှင့်လုပ်ဆောင်သွားမှာဆိုတော့ သူတို့တွေလည်း စည်းကမ်းလိုက်နာအောင်ပါ။ မလိုက်မနာဘူးဆိုရင်တော့ မရဘူး။ ဒါက တစ်ယောက်ချင်းကို အရေးယူတာနဲ့မတူဘူးလေ။ ယာဉ်ပိုင်းကျတော့ နည်းနည်းကျယ်ပြန့်တယ်။ ဒါကြောင့် ပထမဆုံး သတိပေးထားတာ”ဟု ဒေါက်တာမောင်အောင်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း ဇန်နဝါရီလ ၂ဝ ရက်နေ့မှစတင်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယာဉ်လိုင်းများကို သတိပေးနေခြင်းမှာ ၄ ကြိမ်ခန့်ရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အဖွဲ့ဝင် YBS ၂၁ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။

“ သူက ပြောတာတော့ လက်ရှိယာဉ်လိုင်းတွေအနေနဲ့ ခရီးသွားပြည်သူကို ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားပေါ့နော်။ နောက်တစ်ချက်ကလည်း နောက်ဧပြီလလောက်ဆိုရင် YBS သုံးလပြည့်ပြီ။ နောက်တစ်ဆင့်တက်ဦးမှာ။ ဒီလောက်နဲ့ ရပ်မနေဘူးဆိုပြီး သူကလည်း တွန်းအားပေးတယ်။ အဲ့ဒီတော့ အဓိကတော့ ခရီးသွားပြည်သူကို ဝန်ဆောင်မှုပေးနိုင်ဖို့ရယ်၊ မိမိတို့ရဲ့ တာဝန်ကျတဲ့ ခရီးစဉ်လမ်းကြောင်းတွေကို ခရီးသွားပြည်သူ အဆင်ပြေအောင်ဆောင်ရွက်ဖို့ကို သူ သေသေချာချာမှာထားပါတယ်။ အဲ့ဒါမှ မလုပ်နိုင်ဘူးဆိုရင် သူကဖယ်ပစ်လိုက်မှာပဲ” ဟု ကိုတရုတ်လေးက မဇ္ဈိမသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြေးဆွဲနေသော YBS ယာဉ်လိုင်း ၇ဝ ကျော်ခန့်ရှိသွားပြီဖြစ်သော်လည်း လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်းမှာ ၆ဝ ခန့်သာရှိကြောင်း၊ ကျန်သည့်ယာဉ်လိုင်းများမှာ ၁၉၉၅ ခုနှစ်အောက်မော်ဒယ် ယာဉ်များကို ယာယီ ၃ လထိ ပြေးဆွဲခွင့်ပေးထားခြင်းသာဖြစ်ကြောင်း၊ လက်ရှိ GPS တပ်ဆင်ရာတွင်လည်း စည်းကမ်းဖျောက်ဖျက်သည့် ယာဉ်လိုင်းများကို ဦးစားပေးတပ်ဆင်ပေး နေခြင်းဖြစ် ကြောင်း ကိုတရုတ်လေးပြောပြချက်အရ သိရသည်။

လိုင်းနံပါတ်  ၁၊ ၂ ၊ ၄၃၊ ၆၅ အပါအဝင် မြို့တွင်းမှ မြို့ပြင်သို့ ပြေးဆွဲနေသော YBS ယာဉ်လိုင်းများမှာ အဆိုပါ သတိပေးချက်တွင် အကျူံးဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags