မုံရွာသတင်းထောက်အသတ်ခံရမှု မြို့နယ်မှူး ခေါင်းဆောင်သော အမှုစစ်အထူးအဖွဲ့ ထပ်တိုး

မုံရွာသတင်းထောက်အသတ်ခံရမှု မြို့နယ်မှူး ခေါင်းဆောင်သော အမှုစစ်အထူးအဖွဲ့ ထပ်တိုး
ဓာတ်ပုံ-မုံရွာနယ်မြေရဲစခန်း

မုံရွာ၊ ဖေဖော်ဝါရီ ၂။             ။ မုံရွာသတင်းထောက်အသတ်ခံရမှုအတွက် အမှုမှန်ပေါ်ပေါက်ရန် အမှုစစ်အထူးအဖွဲ့အား ထပ်တိုးဖွဲ့စည်းထားကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်က ပြောသည်။

ဇန်နဝါရီ ၃၀ ရက်နေ့က သုံးယောက်မြောက်အဖြစ် ဖမ်းဆီးစစ်ဆေးနေသော သံသယရှိသူအား ပြန်လွှတ်ခဲ့ရပြီးနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်ဖြင့် အထူးအမှုစစ်အဖွဲ့အား ထပ်တိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အထူးအမှုစစ်အဖွဲ့အား မုံရွာမြို့နယ်မှူး ခေါင်းဆောင်ပြီး မုံရွာမြို့မစခန်းမှူး၊ တိုင်းရုံးမှ ရဲအုပ်မောင်မောင်မြင့်၊ ခရိုင်မှ ရဲအုပ် လင်းထက်နိုင်၊ မုံရွာနယ်မြေရဲစခန်းမှူး တို့ပါဝင်ကြောင်း သိရသည်။

ယနေ့ထပ်မံဖွဲ့စည်းခဲ့သော အမှုစစ်အထူးအဖွဲ့ကြောင့် ယခင်ကဖွဲ့စည်းခဲ့သော စုံစမ်းရေးအဖွဲ့၊ စစ်ဆေးရေးအဖွဲ့၊ တို့မှာ ဖျက်သိမ်းလိုက်ခြင်း မဟုတ်ဘဲ အမှုစစ်အထူးအဖွဲ့တစ်ဖွဲ့အား ထပ်မံဖွဲ့စည်း တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့မစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က ပြောသည်။

ကိုစိုးမိုးထွန်းအသတ်ခံရမှုအတွက် သံသယရှိသူအား သတင်းရရှိရန် ခေါ်ယူစစ်ဆေးနေသူ ၆၀ ကျော်၊ ၇၀ ခန့် ရှိပြီးဖြစ်ပြီး သံသယရှိသူ သုံးဦးအား ဖမ်းဆီးစစ်ဆေးခဲ့သော်လည်း ခိုင်လုံသည့် သက်သေမရရှိသဖြင့် ပြန်လွှတ်ခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly