ရှုးသွပ်မှုက Animation ကာတွန်းဆရာတစ်ယောက်အဖြစ် တွန်းပို့ခဲ့တယ်

By YOPE
02 February 2017
ရှုးသွပ်မှုက Animation ကာတွန်းဆရာတစ်ယောက်အဖြစ် တွန်းပို့ခဲ့တယ်

အသက် ၁၀ နှစ်အရွယ်ကတည်းက Animation ဇာတ်ကောင်တွေကို ဖန်တီးခဲ့တဲ့သူ၊ လက်ရှိမှာတော့ ဆရာဝန်လောင်းအဖြစ် ရပ်တည်ရင်း သူတတ်ထားတဲ့ အနုပညာတွေနဲ့ နိုင်ငံတကာက Animation ဆုပေါင်း၂၀ ကျော်ကို ရရှိထားတဲ့သူ၊ သူကတော့ ဉာဏ်ကျယ်စေပါ။ သူတတ်ထားတဲ့ Animation အနုပညာနဲ့ ဆေးပညာတွေကို ဘယ်လိုပေါင်းစပ်ဖန်တီးမှာလဲ။ ကျွန်မကတော့ ယဉ်မွန်ပါ ။ အခုဆိုရင် ဉာဏ်ကျယ်စေနဲ့ တွေ့ဆုံမေးမြန်းဖို့အတွက် သူရှိမယ့်နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ယဉ်မွန်လက်ထဲမှာတော့ Yope မေးခွန်း ၅ ခုနဲ့အတူ Yope Red Chair ရှိနေပါတယ်။

မေး။  မောင်လေး မင်္ဂလာပါ ။ အစ်မတို့အစီအစဉ်မှာ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ အစ်မတို့အစီအစဉ်ကနေ မေးခွန်း ၅ ခုကို မေးသွားမှာပေါ့နော်။ ပထမဆုံး မေးခွန်းပါ။ မောင်လေးတတ်ထားတဲ့ အနုပညာနဲ့ပေါ့နော်၊ ဒီ Animation အနုပညာနဲ့၊  ဆေးပညာနဲ့ ကိုပေါင်းစပ်မယ်ဆိုပြီး အင်တာဗျူးး တော်တော်များများမှာ ဖြေထားတာကို သိရတယ်ဆိုတော့လေ ။ အဲဒီ ၂ ခုကို မောင်လေးအနေနဲ့ ဘယ်လိုများ ပေါင်းစပ်မလဲဆိုတာလေးလည်း ပြောပြပေးပါဦး။   

ဖြေ။ Animation က အင်တာတိန်းမန့်၊ ဒီဘက်က Health Education ( ကျန်းမာရေးပညာပေး)ပေါ့။ လူအများစုက အင်တာတိန်းမန့်ကို မက်မောတယ် ။ တစ်ချို့တွေက စာဖတ်ပျင်းကြတယ်။တစ်ချို့ စာမဖတ်တတ်တဲ့ သူတွေရှိတယ် ။ ဒီ Animation က သူတို့အတွက် ကောင်းမွန်တဲ့လက်နက်တစ်ခု Tool တစ်ခုအနေနဲ့ပေါ့နော်။ အနုပညာနဲ့လည်းဖြစ်တယ်။ ဒီဘက်က Education နဲ့လည်းပေါင်းတယ်ဆိုတော့ Edutainment တစ်ခုအနေနဲ့ပဲ ပြမယ်လို့ ကျွန်တော်က မှန်းပါတယ် ခင်ဗျ။

မေး။ ကာတွန်းဆရာ အော်ပီကျယ်ရဲ့ သားဖြစ်နေလို့ မောင်လေးက ဒီ Animation ကာတွန်းဆရာတစ်ယောက် ဖြစ်လာတာလား။

ဖြေ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိတော့ မပြောတတ်ဘူးပေါ့နော်။ ဒါ Genes (မျိုးရိုး)ကလည်း ပါရင်လည်း ပါမှာပေါ့နော်။ မပါဘူးလို့လည်း ပြောလို့မရဘူး။ နောက်တစ်ခုက ကိုယ်နဲ့လည်း အမြဲ exposure ရှိနေတော့ သူ့ဆီကနေ Expiration တွေ အမြဲရတာလည်း ပါတာပေါ့နော်။ ကိုယ့်ရဲ့ သင်ဆရာ မြင်ဆရာပေါ့နော်။ သင်တာတော့ အဲ့ဒီလောက်ကြီး မဟုတ်ဘူးပေါ့ ။အဓိကတော့ မြင်ဆရာပေါ့။ ကိုယ့်မျက်စိေ့ရှမှာ အားလုံးကို ဦးဆောင်ပြီး လမ်းပြသွားတဲ့ လူတစ်ယောက်လိုမျိုးပေါ့နော်။ အဲ့ဒီလို ဖြစ်နေတဲ့အတွက်ကြောင့်လည်း ပါမယ်ထင်တယ်။ ကိုယ်ကိုယ်တိုင်လည်း သူ့ဆီက သွေးပဲ ပါလာလို့လား မသိဘူးပေါ့နော်။ လုပ်ဖြစ်တာလည်း ပါမယ်။

မေး။  မြန်မာကာတွန်းဇာတ်ကောင်တွေထဲက မောင်လေးရဲ့ Heroက ဘာဇာတ်ကောင်ဖြစ်မယ်ထင်လဲ။ ပြီးတော့ ဘာကြောင့်လဲ။

ဖြေ။ ဘယ်သူလဲဆိုတော့ သမိန်ပေါသွပ်။ သမိန်ပေါသွပ်ကလေ၊ ကိုယ်ကလည်းပေါချာကြီး ။အခုထိလည်း ငပေါ တကယ်တော့လေ မသိတဲ့သူတွေသာ မသိကြတာပါ။  သိတဲ့သူတွေကတော့ သိတယ်ပေါ့နော်ဆိုတော့ သမိန်ပေါသွပ်ကလည်း ငပေါဆိုတော့သမိန်ပေါသွပ်ပဲ များများဖတ်လို့ ပေါတာလား၊ ကိုယ်ကပဲ ငပေါမို့လို့ သူ့ကိုကြိုက်တာလားမသိဘူး။ သူ့ကို တော်တော်ကြိုက်ပါတယ်။

မေး။ Animation လောကထဲကို ရောက်လာဖို့အတွက် ဘယ်အရာက တွန်းအားဖြစ်စေသလဲ။

ဖြေ။ အဓိက ကတော့ ရူးသွပ်မှုပေါ့နော်။ ရူးသွပ်မှုဆိုတာ ငယ်ငယ်ကလေးထဲက ဆယ်နှစ်သားလေးကတည်းက Animation စလုပ်လာတယ်။ လုပ်လာပြီးနောက်ပိုင်း ဒီ တက္ကသိုလ်လည်းစရော မလုပ်ဖြစ်ဘူး။ မလုပ်ဖြစ်ပေမယ့်လည်း ကိုယ့်စိတ်ထဲမှာ ဒီ Animation နဲ့ပတ်သက်ပြီး အမြဲပုန်းနေတာပေါ့နော်။ ဒီစိတ်ကလေးက ပုန်းနေတယ်။ အမြဲ ကာတွန်းကားတွေ ကြည့်ဖြစ်တယ်။နောက်လုပ်ဖို့ အခွင့်အရေးတွေကိုလည်း ဖန်တီးနေတယ်။ အခွင့်အရေး ရပြီဆိုတာနဲ့လည်း လုပ်တယ်ပေါ့နော်။ အဓိကကတော့ ရူးသွပ်မှုလို့ ထင်တာပေါ့။

မေး။ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု အမှတ်တံဆိပ် ဇာတ်ရုပ်လေး ဇာတ်ကောင်လေးတစ်ခု ဖန်တီးခွင့်ရမယ်ဆိုရင် မောင်လေးအနေနဲ့ ဘယ်လိုပုံစံမျိုးလေးကို ဖန်တီးပေးချင်လဲ။

ဖြေ။ Comic လောကမှာ သမိန်ပေါသွပ်၊ တွတ်ပီ၊ ပိုးဇာ အဲဒီလိုမျိုးလေးတွေပေါ့နော်။ ပြီးတော့ Marvel ဇာတ်ကောင်လေးတွေ၊ ပြီးတော့ နိုင်ငံခြားမှာ Power Bird Power Ranger အဲဒီလိုမျိုးတွေ ရှိသလိုပေါ့နော်။ မြန်မာနိုင်ငံရဲ့ Animation လောကမှာ မြန်မာနိုင်ငံရဲ့ ကာတွန်းရုပ်ရှင်ဆိုတာနဲ့ ဒီကောင်လေး ပြေးမြင်ရမယ်ပေါ့နော် ဆိုတာမျိုးထိ ဖြစ်လောက်တဲ့ ကာတွန်းဇာတ်ကောင် တစ်ယောက် ထွင်ချင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly