ဘာစီလိုနာကို စွန့်ခွာရန် ပက်ဒရို စဉ်းစားနေသည်ဟု ဘက်စ်ကွက်စ် ဖွင့်ဟ

ဘာစီလိုနာကို စွန့်ခွာရန် ပက်ဒရို စဉ်းစားနေသည်ဟု ဘက်စ်ကွက်စ် ဖွင့်ဟ

ဘာစီလိုနာအသင်း၏ ကွင်းလယ်ကစားသမား ဘက်စ်ကွက်စ်က အသင်းဖော် ပက်ဒရိုသည် ပွဲကစားခွင့် ပိုမိုရရှိလိုသည့်အတွက် အသင်းပြောင်းရန် စဉ်းစားနေပြီဟု ထုတ်ဖော် ပြောဆိုလိုက်သည်။

ဘက်စ်ကွက်စ်က ပက်ဒရိုသည် ၎င်း၏ ကစားသမားဘဝ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရန် အလွန်ခက်ခဲနေကြောင်းလည်း ဝန်ခံပြောဆိုသည်။

လက်ရှိအချိန်တွင် ပက်ဒရိုကို မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ပက်ဒရို၏ စာချုပ်အရ လျော်ကြေးငွေ ပေါင် ၂၂ သန်း ပေးချေလျှင် ခေါ်ယူနိုင်မည်ဖြစ်သည်။

မန်ယူအသင်းသည် ထိုပမာဏကို သဘောတူညီ ထားပြီး တွေ့ဆုံဆွေးနွေးမည်ဟု သတင်းများက ဆိုသည်။

ဘက်စ်ကွက်စ်က “ကျွန်တော် ပက်ဒရိုနဲ့ စကားပြော ဖြစ်ခဲ့ပါတယ်။ သူဘာပြောလဲဆိုတာတော့ ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ ဒါက ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွေးနွေးမှုပါ။ ကျွန်တော်ကတော့ သူ့ကို အသင်းမှာ ဆက်နေစေလိုပါတယ်။ သူဟာ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပါ။ ပက်ဒရိုက ပွဲထွက်ခွင့် ပိုရလိုပြီး ဒီထက်ပွဲချိန်များများ ပိုကစားလိုနေတာပါ။

သူ အလိုရှိတာက အဲ့ဒါပါပဲ။ ဒါပေမဲ့ ဘာစီလိုနာမှာက ကစားသမားကောင်းတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် သူ့အတွက် ခက်ခဲ နေတာပါ။ နောက်ဆုံး ဆုံးဖြတ်ချက်ကို သူ ချပါလိမ့်မယ်။ အသင်းမှာ ဆက်နေမယ်လို့ မျှော်လင့်ပါ တယ်” ဟု ပြောသည်။

မက်ဆီ၊ နေမာနှင့် ဆွာရက်ဇ်တို့ ရှိနေသည့်အတွက် ပက်ဒရိုသည် ရာသီသစ်တွင်လည်း အရန်အဖြစ်သာ ကစားရဖွယ်ရှိနေသည်။

စပိန်နာမည်ကြီးသတင်းစာ အေအက်စ်၏ နောက်ဆုံး ဖော်ပြချက်တွင် မန်ယူအသင်းသည် ပက်ဒရိုကို ခေါ်ယူရန် အလွန်နီးစပ် သည့် အခြေအနေသို့ ရောက်ရှိနေပြီဟု ပါရှိသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly