မသန်စွမ်းဆရာများကြောင့် ကလေးများ သိမ်ငယ်စိတ်ဖြစ်နိုင်သည်ဆိုသော ထင်မြင်ယူဆချက်ကို မသန်စွမ်း ဆရာများလက်မခံ

မသန်စွမ်းဆရာများကြောင့် ကလေးများ သိမ်ငယ်စိတ်ဖြစ်နိုင်သည်ဆိုသော ထင်မြင်ယူဆချက်ကို မသန်စွမ်း ဆရာများလက်မခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ။           ။ မသန်စွမ်းဆရာများက သင်ကြားလျှင် ကလေးများ သိမ်ငယ်စိတ်ဖြစ်နိုင်သည်ဆိုသော ထင်မြင်ယူဆချက်များကို လက်မခံကြောင်း မသန်စွမ်း ဆရာများကပြောသည်။

ဆရာအတက်သင် ဒီပလိုမာသင်တန်းနှင့် ကောလိပ်များတွင် မသန်စွမ်းသူများအား သင်တန်းတက်ရောက်ခွင့်ပြုမှာမဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် နှစ်နိုဝင်ဘာလတွင် ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

သို့သော်ပြီးခဲ့သည့်လတွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် မသန်စွမ်းများကို ပညာရေးဝန်ကြီးဌာနက ပြန်လည်လျှောက်ထားခွင့် ပေးခဲ့သည်။

ယင်းဖြစ်စဉ်တွေနှင့်ပတ်သက်၍ ယနေ့တွင် မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်က သဘောထားထုတ်ပြန်သော သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ရဲ့ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့စည်းမှာ ကျွန်တော်တို့ကိုမြင်ရင် လူတွေက အလိုလို စိတ်ဓာတ်ကျသွားမယ်။ ကလေးတွေက စိတ်ဓာတ်ကျသွားမယ်။ ပတ်လတ်လန်သွားမယ်ဆိုတဲ့ အနေအထားမျိုးပြောတာက လုံးဝလက်တွေမကျတဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့ သုတေသနပြုပြီးတော့မှ အဖြစ်မှန်ကို ကိုယ်စားပြုပြီးတော့ ပြောတာလား ကိုယ့်ဝမ်းထဲမှာရှိတဲ့ ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကို မှန်းဆပြီးတော့ ပြောတာလားဆိုတာ ကျွန်တော်တို့ မေးခွန်းပြန်ထုတ်ချင်ပါတယ်"ဟု မသန်စွမ်းရှေ့ဆောင်အဖွဲ့ မှ ဦးနေလင်းစိုး ကပြောကြားခဲ့သည်။

လက်ရှိတွင် စာရင်းကိုင်သင်တန်းကို သင်ကြားပေးနေသည့်ရှမ်းပြည်နယ်တောင်ပိုင်း Morning Star မသန်စွမ်းအအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင်ကလည်း မသန်စွမ်းဆရာများစာသင်လျှင် ကလေးများသိမ်ငယ်စိတ်ဖြစ်ပေါ်နိုင်သည်ဆိုခြင်းကို လက်မခံပေ။

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပေါ် ဆရာတစ်ဦးနေနှင့် စိတ်မကောင်းဖြစ်မိကြောင်း၊ ဆရာဆိုသည်မှာ ကလေးများကို ကောင်းမွန်စွာ စေတနာဖြင့်သင်ကြားပေးနိုင်လျင် ဆရာဖြစ်ထိုက်ကြောင်း ၎င်းက ပြောသည်။ ၂၀၁၄ သန်ခေါင်းစာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂၃ သိန်း ခန့် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly