၁၀လတာ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဆောင်ရွက်နေမှုအပေါ် သူတို့အမြင်

၁၀လတာ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဆောင်ရွက်နေမှုအပေါ် သူတို့အမြင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်တက်လာတာ ၁၀လရှိပြီဖြစ်ပါတယ်။ ဒီ ၁၀လတာ ကာလအတွင်းမှာ အစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှု၊ တပ်မတော်၊ အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဆက်ဆံရေးအခြေအနေနဲ့ မြေပြင်တိုက်ပွဲတွေ အခြေအနေ စတာတွေကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေသူတွေရဲ့ အမြင်တွေကို မဇ္ဈိမက မေးမြန်းထားပါတယ်။

ဒေါက်တာရွှေခါးရ် (ချင်းအမျိုးသားတပ်ဦး CNF တွဲဖက်အထွေထွေအတွင်းရေးမှူး ၁)

အခုထိတော့ အစိုးရက အရင်အစိုးရနဲ့မတူတဲ့ဟာကတော့ အရင်အစိုးရတုန်းကတော့ ဦးအောင်မင်းက တကယ့် စေ့စပ် ညှိနှိုင်းသူပေါ့နော် ဒါပေမယ့်အခု ဒေါက်တာတင်မျိုးဝင်းက ဦးအောင်မင်းနေရာကို အစားထိုးဝင်တော့ သူက စေ့စပ်ညှိနှိုင်းသူမဟုတ်ဘဲနဲ့ တစ်ဆင့်ပြောသူ အဲ့တာလောက်ပဲဖြစ်နေတာ။ ကျွန်တော်တို့တွေ့နေရတာပေါ့။ အဲ့တာတစ်ချက် ဒုတိယတစ်ချက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်   ဆောင်ရွက်တဲ့ အခါမှာ နည်းပညာအထောက်အကူပြုတာက အရမ်းအရေးကြီးတာပေါ့ အရင်တုန်းကတော့ အပြည့်အ၀ နည်းပညာအထောက်အကူကရှိတာပေါ့ အခုကတော့ အဲ့ဒီ့ နည်းပညာအထောက်အကူက မယ်မယ်ရရမရှိသေးဘူးလေ။ မရှိဘူးလို့လည်းပြောလို့ရတာပေါ့နော် ဆိုတော့ အဲ့တာကလည်း တကယ်လိုအပ်တဲ့ဟာပေါ့ ပြီးတော့ အခုဆိုရင် ကျွန်တာ်တို့   နိုင်ငံရေးဆွေးနွေးပွဲသွားဖို့အတွက်တောင် ပြင်ဆင်နေတာပေါ့ အဲ့တာမှာဆိုလို့ရှိရင် လျင်လျင်မြန်မြန်လုပ်ရမယ့် ကိစ္စဖြစ်နေတာပေါ့ ဆိုတော့ အဲ့တာကလည်း တော်တော်လေး ဘာမှမရှိသေးဘူး။ တစ်ဘက်က မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာပေါ့ အဲ့ဒီ့ပေါ်မှာလည်း သြဇာညောင်းတဲ့ဟာကမရှိနေဘူးပေါ့နော် စစ်တပ်ပေါ်မှာ အဲ့တာတွေက မတူဘူးပေါ့နော် အရင်အစိုးရနဲ့။

ခူဦးရယ် (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေအတွင်းရေးမှူး)

အရင်သမ္မတဦးသိန်းစိန်လက်ထက်နဲ့ ဒီNLD အစိုးရလက်ထက် ဆွေးနွေးတာ ကျွန်တော် သုံးသပ်တဲ့ အခါကျတော့ အရင်ဦးသိန်းစိန်လက်ထက်တုန်းက   တွေ့ဆုံဆွေးနွေးမှု အခြေအနေဟာ   တွေ့ဆုံဆွေးနွေးရင်းနဲ့ မြေပြင်မှာလည်း  တိုက်ပွဲတွေဖြစ်ခဲ့တာပဲ။ သို့သော် ဒီလိုမြေပြင်ကဖြစ်နေတဲ့အခြေနေတွေကို စားပွဲဝိုင်းမှာလည်းတင်ပြဆွေးနွေးအဖြေရှာ ပြီးကြိုးစားခဲ့တာလေးတွေရှိတယ်။ အထူးသဖြင့်ကတွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့နေရာမှာ အလွတ်သဘော မကြာခဏတွေ့ဆုံကြတာတွေရှိသလို တရားဝင် ညှိနှိုင်းအဖြေရှာဖို့ ဆွေးနွေးခဲ့တာတွေလည်း ရှိတာပေါ့။ အဲ့တော့ ဒီ NLD အစိုးရလက်ထက်မှာကျတော့ ကျွန်တော်တို့ ထဲထဲဝင်ဝင်ပြီးတော့ တရားဝင်စွာ အချိန်နဲ့တပြေးညီ မကြာခဏတွေ့ဆုံဆွေးနွေးပြီးအဖြေရှာဖို့ ကြိုးစားတဲ့ အနေအထားတော့ အားနည်းချက်တွေရှိမယ်လို့ ကျွန်တော်ထင်တယ်။ ဒါကတော့ သမ္မတဦးသိန်းစိန်လက်ထက်နဲ့ ဒီ NLD လက်ထက်မှာ မတူကွဲပြားတဲ့နည်းနည်းရှိတာကို တွေ့ရတာ။ ကျွန်တော်အနေ နဲ့ရှင်းရှင်းပြောရရင် အချိန်နဲ့တပြေးညီ ပြသာနာတွေ ဒီလိုမျိုး မကြာခဏ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတဲ့ မကြာခဏ မလုပ်တဲ့အတွက်ကြောင့်မို့လို့ မြေပြင်က တိုက်ပွဲအခြေနေတွေဟာ ပိုပြီးတော့ ဖြစ်သင့်တဲ့အနေအထားထက်ကျော်လွန်ပြီးတော့ ဖြစ်ရတာ။ ဒီအခြေခံကြောင့်များလား တော့ ကျွန်တော်တို့ စဉ်းစားမိပါတယ်။

ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ-မြန်မာ)

လုပ်ငန်းစဉ်ကတော့ ထူးထူးခြားခြားကြီးပြောင်းလဲတာမရှိဘူး။ ဦးသိန်းစိန်လက်ထက်တုန်းကတော့ ငြိမ်းချမ်းရေးနဲ့ပက်သက်တဲ့ လုပ်သက်ကြာတယ်။ နောက်ပြီးတော့ အတွေ့အကြုံများတဲ့သူလည်းရှိတာပေါ့။ ပိုပေါတာပေါ့။ အဲ့တော့ လုပ်ငန်းကနည်းနည်း စေ့စပ်တယ် အောင်မြင်တာတွေ ပိုရှိတာပေါ့ဗျာ။ အခုဟာကတော့ လူသစ်လိုဖြစ်နေတာပေါ့နော် အသစ်အနေနဲ့ကြိုးစားတော့ ဦးသိန်းစိန်လက်ထက်တုန်းကလောက်စေ့စပ်မှု သိပ်မရှိဘူးပေါ့ဗျာ။ သို့သော်ဒါကတော့ သူ့အတွေ့အကြုံက ဒီလိုပဲဖြစ်မှာပဲလေ။

ဦးလှမောင်ရွှေ (ငြိမ်းချမ်းရေးကော်မရှင် အကြံပေး)

သမ္မဦးသိန်းစိန်လက်ထက်တုန်းကလည်း တိုက်ပွဲတွေမရှိဘူးမဟုတ်ဘူး ရှိပါတယ်။ ဒါပေမယ့် ၈ ဖွဲ့ပေါ့။ လက်မှတ်ထိုးထားတဲ့ အဲ့ဒီ့ ၈ဖွဲ့နယ်မြေမှာတော့ တိုက်ပွဲကလုံးလုံးမရှိသလောက်ဖြစ်သွားပြီ။ ဒါပေမယ့် မထိုးရသေးတဲ့သူတွေမှာတော့ ရှိနေဆဲဆိုတာမှန်ပါတယ်။ ဒါကတော ယုံကြည်မှုတည်ဆောက်နေတဲ့အချိန် ကြိုးစားနေတဲ့အချိန်မှာ အခိုက်အတန့်အားဖြင့်လည်းဖြစ်နိုင်ပါတယ်။ ရေရှည်မှာတော့ ဒါတွေလျော့သွားအောင်တော့အခုလည်းကြိုးစားနေဆဲပါပဲ။ သူတို့လက်မှတ်ရေးထိုးဖို့ကတော့ ယုံကြည်မှုတည်ဆောက်ဖို့ပေါ့လေ။ ဒါတွေကိုလည်း အခုကလုပ်နေပါတယ်။ သိပ်မကြာခင်မှာပဲ လက်မှတ်ရေးထိုးနိုင်မယ်လို့ထင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly