လူရွှင်တော် 5 Stars ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် တေးအယ်လ်ဘမ်ထွက်ရှိ

လူရွှင်တော် 5 Stars ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် တေးအယ်လ်ဘမ်ထွက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ။           ။ လူရွှင်တော် ငါးယောက်ပါဝင်ဖွဲ့စည်းထားတဲ့ ဖိုက်စတားအဖွဲ့ရဲ့ အနုပညာသက်တမ်း ၁၀ပြည့် အထိမ်းအမှတ်အဖြစ် 5 Stars To Day လို့ အမည်ပေးထားတဲ့   တေးသီချင်းအခွေထွက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

တေးသီချင်းတွေကို အဖွဲ့ဝင်ငါးယောက်စလုံး ပါဝင်သီဆိုပေးထားပြီး ပရဟိတအကြောင်းအရာတွေ၊ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အကြောင်းအရာတွေအပြင် အချင်းချင်းအကြောင်းတွေကို   နောက်ပြောင်ရေးစပ်ထားတဲ့ တေးသီချင်းတွေ ပါဝင်မှာ ဖြစ်တယ်လို့ ဖိုက်စတားအဖွဲ့ဝင် အောင်သော်က ပြောပါတယ်။

“ဒီအခွေက ကျွန်တော်တို့အဖွဲ့ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်လေးပေါ့။ သီချင်းပုံစံအစုံပါပါတယ်။ ရက်ပ်၊ ပေါ့ပ်၊ ရော့ခ် အကုန်ပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက်   စောင်းဆိုထားတာလေး   တွေလည်း ပါသလို အတည်ရေးစပ်ပြီး ဆိုထားတာတွေလည်းပါမှာပါ” လို့ ပြောပါတယ်။

တေးသီချင်း ၁၂ ပုဒ်ပါဝင်မှာ ဖြစ်ပြီး သံစဉ်တွေကူးယူထားခြင်းမရှိဘဲ ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေပဲ သီဆိုထားတာဖြစ်တယ်လို့လည်း အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကြာစိက ပြောပါတယ်။

“ကျွန်တော်တို့က လူရွှင်တော်တွေဆိုတော့ သူများသီချင်းတွေကော်ပီယူဆိုထားတယ်လို့ ထင်မှာစိုးလို့ပါ။ တစ်ကိုယ်တော့ ကိုယ်တိုင်ရေးသားထားတဲ့ Owntune တွေချည်းပါပဲ။ ပြီးတော့ ဒီအခွေလေးကိုလည်း အဆိုတော်တွေလို နားမထောင်ပဲ လူရွှင်တော်တွေရဲ့မှတ်တိုင်တစ်ခုအဖြစ် အသိအမှတ်ပြုပြီး နားထောင်စေလိုပါတယ်” လို့ ပြောပါတယ်။

တေးရေး  စိုးမိုးသန်း၊ မှော်ရှင်( မျောက်ရှုံး)၊ ထိန်လင်းတို့မှ ရေးစပ်ပေးထားတာဖြစ်ပြီး ဒါရိုက်တာ မောင်သီ၊ ကျော်ထူး၊ ယုန်လေး၊ ပိုင်ဇေသော်၊ နောက်တိုး နဲ့ ရဲထွဋ်တို့ ရိုက်ကူးပေးထားတဲ့ အဆိုပါ 5 Stars To day VCD ကို  Bo Bo Entertainment မှ ဖေဖော်ဝါရီလ ၄ ရက်မှာ စတင်ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။

5 Stars To day တေးအယ်လမ် မိတ်ဆက်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်က ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဘုရားလမ်းရှိ Orchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly