ဦးကိုနီအား လုပ်ကြံသူ၏ နေအိမ်အား ရဲသွားစစ်

ဦးကိုနီအား လုပ်ကြံသူ၏ နေအိမ်အား ရဲသွားစစ်

မုံရွာ၊ ဖေဖော်ဝါရီ ၁ ။               ။ ဦးကိုနီအားလုပ်ကြံမှုသူ ဦးကြည်လင်းသည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စိုင်းလျားရွာ ဇာတိဟုဆိုသည့် အတွက် သွားရောက်စစ်ဆေးခဲ့ကြကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ကြည်လင်းသည် ယင်းမာပင်မြို့နယ်၊ စိုင်းလျားကျေးရွာတွင် နေထိုင်ကြောင်း သိရသဖြင့် ဇန်နဝါရီ ၃၀ ရက်က သွားရောက်စစ်ဆေးကြခြင်းဖြစ်ကြောင်း သိရသည်။

"ကြည်လင်း ခေါ် ဖိုးထူးရဲ့ ယခင်ဇာတိနဲ့ ကိုယ်ရေးရာဇဝင်ကို ရဲတပ်ဖွဲ့နဲ့အတူ သွားရောက်စစ်ဆေးခဲ့ပါတယ်။ CID ပါတယ်၊ SB ပါတယ်၊ စသုံးလုံးပါတယ်။၊ အုပ်ချုပ်ရေးအဖွဲ့တွေ ပါတယ်။ အိမ်ထောင်စုအမည်မှာတော့ ဖိုးထူးဆိုတာပဲ တွေ့ရတယ်။ သူ့ရဲ့ထွက်ဆိုချက်မှန်မမှန်ကို သွားစစ်တဲ့သဘောပါ။ "ဟု ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။

အိမ်ထောင်စုစာရင်းအမည်မှာ ဖိုးထူးဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ရွာမှထွက်သွားခဲ့ပြီး ဘုရားခိုးမှုဖြင့်ထောင် ၂၇ နှစ်ကျခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင်ထောင်မှ လွတ်လာကာ ရွာတွင် ၂ နှစ်ခန့် လယ်ယာလုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း၊ လွန်ခဲ့သော ၅ လခန့်က ရွာမှထွက်သွားခဲ့ကြောင်း တို့ကို ၎င်း၏ ရွာမှ စုံစမ်းသိရှိခဲ့ရသည်ဟု ယင်းမာပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။

အဆိုပါ ကြည်လင်း(ခ)ဖိုးထူးသည် ယင်းမာပင်မြို့နယ်တွင် ပြစ်ချက်ဟောင်း တစုံတရာ ကျူးလွန်ခဲ့မှုမရှိကြောင်း၊ ဥပဒေနှင့်ငြိစွန်းသော ပစ္စည်း တစုံတရာမတွေ့ရှိခဲ့ရကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly