ရှီကျင့်ဖျင်နဲ့ အဆက်အသွယ်ရှိတဲ့ ဘီလျှံနာသူဌေးတစ်ဦးအား ဟောင်ကောင်တွင် တရုတ်အေဂျင့်များ ပြန်ပေးဆွဲကာ ပြည်မသို့ ခေါ်ဆောင်သွား

ရှီကျင့်ဖျင်နဲ့ အဆက်အသွယ်ရှိတဲ့ ဘီလျှံနာသူဌေးတစ်ဦးအား ဟောင်ကောင်တွင် တရုတ်အေဂျင့်များ ပြန်ပေးဆွဲကာ ပြည်မသို့ ခေါ်ဆောင်သွား

ပေကျင်း၊ ဖေဖော်ဝါရီ ၁ ။                ။ တရုတ်ထိပ်တန်းခေါင်းဆောင်ပိုင်းနဲ့ အဆက်အဆံရှိတဲ့ တရုတ်ဘီလျှံနာသူဌေးတစ်ဦးကို တရုတ်ပြည်သူ့လုံခြုံရေးအေဂျင့်တွေက ဟောင်ကောင်မှာရှိတဲ့ Four Seasons Hotel ကနေ ပြန်ပေးဆွဲပြီး ပြည်မကို ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်နှစ်ဦးက ဆိုပါတယ်။

သမ္မတရှီကျင့်ဖျင်ရဲ့ အကျင့်ပျက်ခြစားမှု နှိမ်နင်းရေးမှာ လုပ်ငန်းရှင်တွေ တော်တော်များများကို ဖမ်းဆီးမှုတွေ များပြားလာတာကြောင့် ဟောင်ကောင်မှာ သွားရောက်နေထိုင်ကြတဲ့   ပြည်မတရုတ်သူဌေးကြီးတွေ အနက် သမ္မတ ရှီကျင့်ဖျင် မိသားစုနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိနေတဲ့ ဘီလျှံနာလုပ်ငန်းရှင်ကြီး ရှောင်ကျိဟွာကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဟောင်ကောင်ဟာ တစ်စိတ်တစ်ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လို့ ကိုယ်ပိုင်ရဲနှင့် ကိုယ်ပိုင်တရားရေးစနစ်ရှိနေတာကြောင့် တရုတ်လက်ကနေ လွတ်မြောက်မယ် မျှော်လင့်ပြီး ခုလို သွားရောက်နေထိုင်ကြတာဖြစ်ပါတယ်။ ယခင် ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်ရဲ့ ဖွဲ့စည်းပုံအရလည်း တရုတ်ရဲနဲ့ အေဂျင့်တွေ ဟောင်ကောင်မှာ ဝင်ရောက်ခြယ်လှယ်ခွင့် မရှိပါဘူး။

ရှောင်ဟာဆိုရင် တရုတ်ရဲ့ အချမ်းသာဆုံးသူဌေးတွေအနက် တစ်ဦးဖြစ်ပါတယ်။ တရုတ်သူဌေးတွေရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုကို တွက်ချက်ဖော်ပြတဲ့ Hurun Report မှာ ရှောင်ရဲ့ ကိုယ်ပိုင် ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ကနေဒါနိုင်ငံသား ခံယူထားသူဖြစ်တာကြောင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက “တရုတ်အာဏာပိုင်များနှင့် ကောင်စစ်အရာရှိတွေ ဆွေးနွေးနေပါတယ်။ ကူညီထောက်ပံ့မှုတွေ ပေးနိုင်ဖို့ပါ။”ဟု ထုတ်ပြန်ထားသော်လည်း ရှောင်ရဲ့ လုံခြုံရေးအတွက် အသေးစိတ်ထုတ်ပြန်ဖို့ကိုတော့ ငြင်းဆိုပါတယ်။

ယခုလို ရှောင်ကို ဖမ်းဆီးသွားတာဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်စီရင်ခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ထပ်တိုးစေမှာပဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းကလည်း တရုတ်ခေါင်းဆောင်တွေကို   ဝေဖန်ရေးသားတဲ့ စာတွေ ပုံနှိပ်ထုတ်ဝေခဲ့သူ ငါးဦးလည်း ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly