ဒုံးကျည်စမ်းသပ်ခြင်းဖြင့် အယုံအကြည်မဲ့အောင် မလုပ်ရန် အီရန်ကို အီးယူ သတိပေး

ဒုံးကျည်စမ်းသပ်ခြင်းဖြင့် အယုံအကြည်မဲ့အောင် မလုပ်ရန် အီရန်ကို အီးယူ သတိပေး

အီးယူ၊ ဖေဖော်ဝါရီ ၁ ။              ။ အီရန်နိုင်ငံက ၎င်းရဲ့ ဒုံးကျည်စမ်းသပ်မှုအပေါ် ယိုးမယ်ဖွဲ့ပြီး အမေရိကန်အနေနဲ့ တင်းမာမှုသစ်များ မဖန်တီးဖို့ ပြောလိုက်ပြီးနောက်မှာ အီရန်နိုင်ငံကို ဒုံးကျည်ဆက် လက်စမ်းသပ်လုပ်ဆောင်ခြင်းဖြင့် အယုံအကြည်မဲ့အောင် မလုပ်ဖို့ ဇန်နဝါရီ ၃၁ ရက်မှာ အီးယူက သတိပေးလိုက်ပါတယ်။

“အီးယူအနေနဲ့ အီရန်ရဲ့ ဒုံးကျည်စီမံကိန်းအပေါ် စိုးရိမ်ကြောင်း ထပ်လောင်းပြောပါမယ်။ ဖျက်အားပြင်းဒုံးကျည်စမ်းသပ်မှုလို လုပ်ဆောင်ချက်တွေနဲ့ အလွန်အယုံအကြည်မဲ့သွားအောင် မလုပ်မိဖို့ အီရန်ကို တိုက်တွန်းပါတယ်။”လို့ အီးယူနိုင်ငံခြားရေးရာ ပြောခွင့်ရ အမျိုးသမီး နာဘီလာမတ်စ်ရာလီက ပြောလိုက်ပါတယ်။

အီရန်ဖက်က အတည်ပြုခြင်းမရှိသေးတဲ့ မကြာသေးမီက တာလတ်ပစ်ဒုံးကျည်စမ်းသပ်ခဲ့သည်ဆိုခြင်းနဲ့ ပတ်သက်ပြီး အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်ဖို့   တောင်းဆိုထားပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယားစီမံကိန်းကိစ္စရပ်မှာ အနောက်အုပ်စုနဲ့ သမိုင်းဝင်သဘောတူညီမှုရဖို့ကို အီးယူက ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီး အနောက်အုပ်စုရဲ့ အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို   ပြန်လည်ရုပ်သိမ်းစေခဲ့တာပါ။

အီရန်နဲ့ အနောက်အင်အားကြီးခြောက်နိုင်ငံကြား ရရှိထားတဲ့ နျူကလီးယားသဘောတူညီမှုကို ဒေါ်နယ်ထရမ့်က လက်မခံဘဲ အကြိမ်ကြိမ်ထိုးနှက်နေခဲ့ပါတယ်။

အဲဒီသဘောတူညီမှုကို ပြန်လည်သုံးသပ်မယ်ဆိုခြင်းနဲ့ အီရန်အပေါ် အခြားဒဏ်ခတ်ပိတ်ဆို့မှုအတွက် နည်းလာရှာမယ် ပြောဆိုခြင်းတွေနဲ့  ခြိမ်းခြောက်နေခဲ့တာလည်းဖြစ်ပါတယ်။

အီရန်ရဲ့ ဖျက်အားပြင်းဒုံးကျည်စီမံကိန်းအပေါ်မှာတော့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အီးယူတို့က ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက်ပြဌာန်းထားဆဲဖြစ်ပါတယ်။

အီရန်ရဲ့ ဒုံးကျည်စမ်းသပ်မှုက အနောက်အုပ်စုနဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယားသဘောတူညီမှုမှာ ဒုံးကျည်စမ်းသပ်မှု မပါဝင်လို့ ချိုးဖောက်ရာမရောက်ကြောင်း အီးယူပြောခွင့်ရအမျိုးသမီး နာဘီလာက ဆိုပါတယ်။

ဒါပေမယ့် အီရန်ရဲ့ နောက်ဆုံးလုပ်ဆောင်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုဟာ ကုလသမဂ္ဂရဲ့ အီရန်ဒုံးကျည်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြဌာန်းထားတဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်မရောက်ကို လုံခြုံရေးကောင်စီဖြင့် ဆုံးဖြတ်သွားရမှာဖြစ်တယ်လို့ ၎င်းက ထပ်လောင်းပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly