နိုင်ငံတော်၏ ကြွေးမြီစာရင်းတွင် တရုတ်ကို ပေးရမည့် ကြွေးမြီ အများဆုံးဖြစ်

နိုင်ငံတော်၏ ကြွေးမြီစာရင်းတွင် တရုတ်ကို ပေးရမည့် ကြွေးမြီ အများဆုံးဖြစ်
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ၂၀၁၆ခုနှစ် နှစ်ကုန်အထိ နိုင်ငံတော်၏ ပြည်ပကြွေးမြီ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၉ဘီလီယံနီးပါး(၈,၉၈၉,၈၇၉,၅၄၀ဒဿမ ၃၂) ရှိနေပြီး ကြွေးမြီများအနက် တရုတ်နိုင်ငံကို ပေးဆပ်ရမည့် ပမာဏမှာ အများဆုံးဖြစ်သည်ကို တွေ့ရသည်။

၂၀၁၆ နှစ်ကုန်အထိ နိုင်ငံတော်၏ ပြည်ပကြွေးမြီအရပ်ရပ်မှာ အမေရိကန်ဒေါ်လာ ၉ဘီလီယံနီးပါး ရှိနေပြီး တရုတ်နိုင်ငံကို ပေးဆပ်ရန်ကျန်ငွေမှာ အမေရိကန်ဒေါ်လာ ၄ဘီလီယံနီးပါး(၃,၉၅၅,၆၉၇,၅၇၇ဒဿမ ၅၉)အဖြစ် အများဆုံး ဖြစ်သည်။

အဆိုပါ ကြွေးမြီစာရင်းကို ဇန်နဝါရီ ၃၀ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးဆိုင်ရာခန့်မှန်းခြေစာရင်း၊ ၂၀၁၇ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြစဉ် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြည်ပကြွေးမြီများအနက် တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးအဖြစ် ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ကျန်ငွေမှာ အမေရိကန်ဒေါ်လာ ၂ဘီလီယံနီးပါး(၁,၉၉၈,၆၆၁,၅၀၆ဒဿမ ၈၅)ရှိနေသည်ကို တွေ့ရသည်။

ဦးကျော်ဝင်း၏ လွှတ်တော်သို့ တင်ပြချက်အရ ၂၀၁၆နှစ်ကုန်အထိ နိုင်ငံတော်၏ ပြည်တွင်းကြွေးမြီမှာ မြန်မာကျပ်ငွေ ၁၆,၃၃၄ဘီလီယံ၊ ပြည်ပကြွေးမြီမှာ မြန်မာကျပ်ငွေ ၁၀,၆၅၃ဘီလီယံ ရှိနေသည်။

ပြည်တွင်း၊ ပြည်ပ ကြွေးမြီများနှင့်ပတ်သက်၍ ဝန်ကြီး ဦးကျော်ဝင်းက “ကြွေးမြီခံနိုင်ရည်ရှိမှု ဆန်းစစ်ခြင်းနှင့် ကြွေးမြီစီမံခန့်ခွဲမှု ခိုင်မာ အားကောင်းစေရန် ဆောင်ရွက်ခြင်း၊ ကြွေးမြီ မှတ်တမ်းတင်ခြင်း၊ ကြွေးမြီ အစီရင်ခံခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း” ဟု လွှတ်တော်တွင် ပြောသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly