ဂိမ်းဆိုင်ဖမ်းဆီးမှုတွင် ဆိုင်ဝန်ထမ်း ၁၉ဦးကိုသာ လောင်းကစားမှုဖြင့်ဖမ်းဆီး၍ သက်ဆိုင်ရာမိဘများမှ သတင်းစာရှင်းလင်း

ဂိမ်းဆိုင်ဖမ်းဆီးမှုတွင် ဆိုင်ဝန်ထမ်း ၁၉ဦးကိုသာ လောင်းကစားမှုဖြင့်ဖမ်းဆီး၍ သက်ဆိုင်ရာမိဘများမှ သတင်းစာရှင်းလင်း

ရန်ကုန်၊ ဇန်နဝါရီလ ၃၁ ။             ။ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ City Center ဂိမ်းဆိုင်အား ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ လောင်းကစားမှုဖြင့် ဖမ်းဆီးခဲ့ရာ ဆိုင်ဝန်ထမ်းလူငယ် ၁၉ ဦးကိုသာ ဖမ်းဆီးပြီး သက်ဆိုင်ရာကုမ္ပဏီပိုင်ရှင်နှင့် တာဝန်ရှိသူများအား ဖမ်းဆီးခြင်းမပြုသောကြောင့် ဝန်ထမ်းမိဘများမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်အနီးရှိ တော်ဝင်နှင်းဆီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ City Center ဂိမ်းဆိုင်အား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဂိမ်းဆိုင်ရှိ ဝန်ထမ်း ၁၉ ဦးကို ဖမ်းဆီးခဲ့သည်။ ယင်း ၁၉ ဦးအား လောင်းကစားဒိုင် ပုဒ်မ (၁၄ - က) ဖြင့် ဖမ်းဆီးခဲ့ကာ အာမခံမပေးခြင်းမရှိဘဲ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ဝန်ထမ်းများ၏ မိဘများက ပြောသည်။ ဝန်ထမ်း ၁၉ ဦးမှာ နယ်မှ လာရောက်သော အသက် ၁၈ နှစ်နှင့် ၂နှစ်ဝန်းကျင်ကြားရှိ အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီး ၉ ဦးဖြစ်ကြောင်း သိရကာ City Center ဂိမ်းဆိုင်တွင် ဝန်ထမ်းများအဖြစ် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းဆိုင်ဝန်ထမ်းအဖြစ် လျှောက်ထားရာတွင် တရားဝင်လေဘာနှင့် အလုပ် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယခု သမီးဖြစ်သူမှာ ထောင်ထဲတွင် အခက်အခဲဖြစ်နေကြောင်း မိခင်တစ်ဦးက ပြောသည်။

"အလုပ် လုပ်တာတော့ လေဘာနဲ့လျှောက်တယ်။ ရပ်ကွက်နဲ့ ရဲစခန်း ထောက်ခံစာတွေတောင်းတယ်။ သူလုပ် ရမယ့်အလုပ်က သန့်ရှင်းရေးတဲ့။ ကိုယ်ကလည်း ရိုးရိုးသားသားအလုပ်ကိုပဲ နားလည်တဲ့အတွက် ဖမ်းဆီးခံ ရမယ်အလုပ်ဆိုရင် မိဘအနေနဲ့ မခိုင်းပါဘူး။ သူအသက်အရွယ်နဲ့ သူ့ရုပ်ကလေးက သန့်ရှင်းရေးလုပ်ရမယ့် အရွယ်လည်း မဟုတ်ပါဘူး။ ဆင်းရဲပြီး ပညာမတတ်တော့လည်း ဒီလိုပဲပေါ့။ အထဲက ကလေးကတော့ အမေတဲ့၊ လွတ်လာခဲ့ရင် အပြီးတောင် ပြောင်းချင်တယ်တဲ့။ သမီးက အရမ်းရှက်နေတယ်။ ကျွန်မလေ အပြီး လွတ်စေချင်တယ် အကုန်လုံးကို။ နေရထိုင်ရတာ အရမ်းဒုက္ခရောက်တယ် ထောင်ထဲမှာ" ဟု ဖမ်းဆီးခံထားရသော သန့်ရှင်းရေးဝန်ထမ်း မတင်တင်အေး၏ မိခင် ဒေါ်ခင်ခင်ခိုင်က ပြောသည်။

လောင်းကစားမှုဖြင့် ဖမ်းဆီးခံထားရသော ဂိမ်းဆိုင်မှ ဆိုင်ဝန်ထမ်းလူငယ် ၁၉ ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တရားစွဲဆိုကာ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကြားဖြတ်တရားစွဲ၍ ပန်းဘဲတန်းမြို့နယ်တရားသူကြီးက အာမခံမပေးဘဲ အင်းစိန်ထောင်သို့ ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂိမ်းဆိုင်အလုပ် လုပ်ကိုင်ရာတွင် တရားဝင်စာရွက်စာတမ်းနှင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း မိဘတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

" အလုပ်ဝင်တာ တရားဝင်စာရွက်စာတမ်းနဲ့ ဝင်လုပ်တာပါ။ သူခိုးဂျပိုးလို ဝင်လုပ်တာမဟုတ်ပါဘူး။ ဒီလိုဝင် လုပ်တာကို ကျွန်တော်တို့ကလေးတွေကို မတရားဖမ်းဆီးတာဖြစ်တဲ့အတွက် စိတ်ထိခိုက်ရတယ်။ အခု ကျွန်တော့သားဆိုရင် ပထမနှစ်တက်ရတော့မယ်။ အခုတော့ ကလေးအနာဂတ်က မသေချာတော့ဘူး။ တွေးလို့လည်း မရပါဘူး"လို့ ဖမ်းဆီးခံရသူ ကိုချမ်းသာအောင်၏ ဖခင်က ပြောဆိုသည်။

City Center ဂိမ်းဆိုင်ကို ပိုင်ဆိုင်သူမှာ ဒေါက်တာသိန်းမြင့်ဖြစ်ပြီး ၂ဝဝ၉ ခုနှစ်ကတည်းက တရားဝင် လုပ်ငန်းလိုင်စင်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများကိုလည်း လိုအပ်သည့် စာရွက်စာတမ်းများဖြင့် အလုပ်လျှောက်လွှာများခေါ်ယူကာ အနိမ့်ဆုံးလစာဖြင့်ခန့်ထားခြင်းခဲ့ဖြစ်ကြောင်း ဆိုင်ဝန်ထမ်းလူငယ်များ ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

" လောင်းကစားပစ္စည်းရှိတယ်။ လောင်းကစားတဲ့ အကြွေးစေ့လည်းရှိတယ်။ ကစားတဲ့သူလည်းရှိတယ်ဆိုရင် ဒါက လောင်းကစားမှုမြောက်သွားပြီ။ ဒါကို ကျွန်တော် အငြင်းမပွားဘူး။ သို့သော်ကျွန်တော်တို့က ပိုင်ရှင်က နေပြီးတော့ ပိုင်ရှင်က စေခိုင်းတာ ဒီအလုပ်မင်းလုပ်၊ ငါတို့တရားဝင်ခွင့်ပြုချက်ရပြီးသားဆိုပြီးတော့ အာမခံထား တာရှိတယ်။ ဒါပေမယ့် မင်းတို့ဒီဟာတော့လုပ်၊ မင်းတို့ဖြစ် မင်းတို့ခံဆိုတဲ့ ပြောဆိုထားတာမရှိဘူး။ ဒါမျိုးပြောရင် လည်း ဝန်ထမ်းတွေက ဘယ်လုပ်မလဲဝန်ထမ်းတွေက အဲ့ဒီတော့ သူတို့စေခိုင်းခြင်းခံရပြီးတော့ လစာယူလုပ် တဲ့အတွက် သူတို့မှာတာဝန်ရှိတယ်။ စေခိုင်းသူမှာ။ ဒါကြောင့် စေခိုင်းခံရတဲ့ဝန်ထမ်းတွေ တရားခံဖြစ်သွားတာ အင်မတန်နစ်နာတယ်။ ဒါကြောင့် ကျွန်တော်တို့ ဥပဒေအမြင်နဲ့ ကလေးတွေလွတ်မြောက်ရေး အတွက် ဆက်သွားမှာပဲ" ဟု ဦးမောင်မောင်စိုးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး လာမည့် ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ပန်းဘဲမြို့နယ်တရားရုံးတွင် အမှုအား ရုံးချိန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly