သစ်ပင်လူသားမိန်းကလေးအား ဘင်္ဂလားဒေ့ရှ်တွင် စတင်ကုသ

သစ်ပင်လူသားမိန်းကလေးအား ဘင်္ဂလားဒေ့ရှ်တွင် စတင်ကုသ

ဒါကာ၊ ဇန်နဝါရီ ၃၁ ။            ။ ဘင်္ဂလားဒေ့ရှ်တွင် မိန်းကလေးငယ်တစ်ဦးမှာ သစ်ပင်အပွေးအခေါက်များလို ကြွက်နို့အမြစ်များ မျက်နှာပြင်တွင် ဖြစ်ပေါ်နေရာ “သစ်ပင်လူသားရောဂါလက္ခဏာစု”   ခေါ်တွင်သည့် ယင်းကဲ့သို့သော ရောဂါမျိုးကို အမျိုးသမီးတစ်ဦးအနေဖြင့် ပထမဆုံးကြုံတွေ့မှု ဖြစ်နိုင်ကြောင်း ထိုမိန်းကလေးအတွက် ကုသမှုပေးနိုင်ရေး လေ့လာသုတေသနပြုလျက်ရှိသည့် ဆရာဝန်များက ဆိုသည်။

အသက် ဆယ်နှစ်တာ ရှိသေးသည့် ထိုမိန်းကလေး၏ မေးစေ့၊ နားရွက်နှင့် နှာခေါင်းတို့တွင် သစ်ပင်အခေါက်လို အဖုအထစ်များ ထွက်နေခြင်းဖြစ်သော်လည်း ဒါကာရှိ ဆေးပညာကောလိပ်ဆေးရုံက   ဖြစ်ခဲသောအရေပြားရောဂါမျိုး ဖြစ်နိုင်မလားဆိုကာ စမ်းသပ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

သစ်ပင်လူသားရောဂါစုဖြစ်သော အရေပြားအပေါ်ယံ အသားမာအဖုအထစ်များ ထွက်ပေါ်ခြင်းသည် ကမ္ဘာ့အနှံ ဖြစ်ပွားမှုမှာ ဒါဇင်ဝက်ပင် မရှိသော်လည်း အမျိုးသမီးများတွင် ဖြစ်ပွားခြင်းကို ယခင်တွေ့ရှိဖူးခြင်း မရှိကြောင်း အဆိုပါ ဆေးရုံမှ ပလတ်စတစ်ဆာဂျီခွဲစိတ်ဌာန အကြီးအကဲ ဆမ်မန်တာဆန်းက ပြောသည်။

“ဒီရောဂါမျိုးဖြစ်တာ အမျိုးသမီးတွေမှာဆို ဒီကောင်မလေးက ပထမဆုံးဖြစ်မယ်လို့ ကျွန်တော်တို့ ယူဆထားတယ်။”ဟု ဆမ်မန်တာက အေအက်ဖ်ပီသို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်းကျေးလက်နယ်မှ ဆင်းရဲသည့် မိသားစုမှဖြစ်သော အဆိုပါ ရောဂါဖြစ်ပွားသည့် မိန်းကလေး၏ ဖခင်က လွန်ခဲ့သည့်လေးလခန့်က သူ့သမီးမျက်နှာတွင် ကြွက်နို့လို အဖုအပိန့် စထွက်ချိန်က သိပ်ပြီး စိုးရိမ်စိတ်မဖြစ်ခဲ့ကြောင်း ပြောသည်။

သို့သော်လည်း ထိုသစ်ပင်အပွေးအခေါက်လို အဖုအပိန်က ပျံ့နှံ့ကာ ကြီးထွားခြင်းကြောင့် စိုးရိမ်စိတ်များ ဖြစ်လာရကာ သမီးဖြစ်သူအား ကုသရန် မြို့တော်ဒါကာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့က အရမ်းဆင်းရဲပါတယ်။ သမီးကလည်း ခြောက်နှစ်သမီးလောက်ကတည်းက မိတဆိုးလေးအဖြစ် ကြီးပြင်းခဲ့ရရှာတာပါ။ ကျွန်တော့်သမီး မျက်နှာလှလှလေးပေါ်က အဲဒီကြွက်နို့လိုအဖုအထစ်တွေကို ဆရာဝန်တွေက ဖယ်ရှားပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်နေတယ်။”ဟု မိန်းကလေး၏ ဖခင်ဖြစ်သူက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly