ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်ကာ တင်းမာမှုသစ်များ မဖန်တီးရန် အမေရိကန်ကို အီရန်က သတိပေး

ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်ကာ တင်းမာမှုသစ်များ မဖန်တီးရန် အမေရိကန်ကို အီရန်က သတိပေး

တီဟီရန်၊ ဇန်နဝါရီ ၃၁ ။            ။ ဖျက်အားပြင်းဒုံးကျည်စမ်းသပ်မှုများနှင့် ပတ်သက်ကာ အီရန်နှင့် တင်းမာမှုသစ်များ မဖန်တီးရန် အမေရိကန်ကို အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဂျာဗက်ဇာရစ်က ဇန်နဝါရီ ၃၁ ရက်တွင် သတိပေးပြောဆိုသည်။

“အီရန်ရဲ့ ကာကွယ်ရေးအစီအစဉ်က အမေရိကန်အစိုးရသစ်အောက်မှာ ရှိမနေဘူး။ အမေရိကန်အနေနဲ့ ယိုးမယ်ဖွဲ့ပြီး တင်းမာအောင် လုပ်လိမ့်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”ဟု အလည်အပတ်ရောက်ရှိသည့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ရုပ်မြင်သံကြားတွင် သတင်းစာရှင်းလင်းပွဲ ပူးတွဲပြုလုပ်ရာ၌ ဂျာဗတ်ဇာရစ်က ပြောသည်။

အီရန်ကိုယ်တိုင် အတည်ပြုခြင်း မရှိသေးသည့် ပြီးခဲ့သည့်ကာလအတွင်း တာလတ်ပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းနှင့် ပတ်သက်ကာ အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အရေးပေါ်အစည်းအဝေးခေါ်ယူရမည်ဟု ဇန်နဝါရီ ၃၁ ရက်တွင် တိုက်တွန်းပြောဆိုသည်။

အီရန်နိုင်ငံနှင့် အခြားအင်အားကြီးနိုင်ငံများကြား ချုပ်ဆိုခဲ့သည့် နျူကလီးယားဆိုင်ရာ သဘောတူညီမှုတွင် အီရန်၏ ဒုံးကျည်အရေးကိစ္စ ပါဝင်ခြင်းမရှိကြောင်းကို ယခင်သမ္မတဟောင်း ဘားရတ်အိုဘားမားလက်ထက်က အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့က ကြိမ်ဖန်များစွာ အတည်ပြုပြောဆိုဖူးခဲ့ကြောင်း ဇာရစ်ကဆိုသည်။

အီရန်၏ ဒုံးကျည်စမ်းသပ်မှုသည် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်း မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒုံးကျည်စမ်းသပ်မှုက ကာကွယ်ရေးလုပ်ငန်းစဉ်အတွက်သာဖြစ်ပြီး   နျူကလီယားတင်ဆောင်စွမ်း ဒုံးကျည်အဖြစ် တီထွင်စမ်းသပ်ခြင်း မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

“ကျွန်တော်တို့က ကာကွယ်ရေးအတွက်ကလွဲပြီး ကျွန်တော်တို့ လက်နက်တွေကို ထုတ်သုံးမှာမဟုတ်ဟု အမြဲတမ်းကြေညာထားပါတယ်။”ဟု ဇာရစ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly