သေနတ်သမားကို အသက်စွန့်ဖမ်းဆီးခဲ့သည့် အငှားယာဉ်မောင်းဦးနေဝင်း၏ စျာပနကို လူပေါင်းထောင်ချီ လိုက်ပါပို့ဆောင်

သေနတ်သမားကို အသက်စွန့်ဖမ်းဆီးခဲ့သည့် အငှားယာဉ်မောင်းဦးနေဝင်း၏ စျာပနကို လူပေါင်းထောင်ချီ လိုက်ပါပို့ဆောင်
ဓာတ်ပုံ သက်ကို

ရန်ကုန်၊ ဇန်နဝါရီ   ၃၁ ။            ။ ဦးကိုနီအသတ်ခံရမှုတွင် သေနတ်သမားကို အသက်စွန့်ဖမ်းဆီးခဲ့သည့် အငှားယာဉ်မောင်း ဦးနေဝင်း၏ ဈာပနကို ရန်ကုန်မြို့၊ ရေဝေးသုသာန်တွင် ဇန်နဝါရီ ၃၁ရက် နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။

ယင်းဈာပနကို အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့်အဖွဲ့ချုပ် ဗဟို ကော်မတီဝင်များ၊ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အရပ်ဖက်အဖွဲ့အစည်းနှင့်   ပြည်သူများ လိုက်ပါပို့ဆာင်ခဲ့ကြသည်။

ကိုနေဝင်းဈာနကို လိုက်ပါပို့ဆောင်ပေးခဲ့သည့် ဆရာတော်အရှင်ထေရဝံသက ကိုနေဝင်းလိုလူမျိုး ဒီကြိမ်ပဲတွေ့ဖူးသည်ဟုမိန့်ကြားသည်။

"ကမ္ဘာပေါ်မှာ အများအတွက် ကိုယ်ကျိူးစွန့်တဲ့ အာဇာနည်ပေါင်းများစွာ တွေ့ခဲ့ဖူးတယ်။ တစ်ချို့က ကိုယ့်ကို သတ်မှာမသိဘဲ အသတ်ခံလိုက်ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့လို ဦးကိုနီတို့လိုပေါ့။ သိသိကြီးနဲ့ သေနတ်ကိုင်တဲ့လူနောက်ကို အုတ်ခဲကိုင်ပြီးလိုက်တဲ့ အာဇာနည်ကိုတော့ အခုတစ်ကြိမ်ပဲတွေ့ဖူးတယ်"ဟု ဆရာတော်အရှင်ထေရဝံသ ကမိန့်ကြားသည်။

ဈာပနကိုလိုက်ပါပို့ဆောင်သည့် အမျိုးသမီးတစ်ဦးကလည်း ၎င်း၏သားသမီးများကို ကိုနေဝင်းလို စိတ်ဓါတ်မျိူးု မွေးမြူသွားရန်သွန်သင်သွားမည်ဟု မဇ္ဈိမကို ပြောသည်။

"ကောင်းတယ်။ အဲဒီလို စိတ်ဓါတ်မျိုးရှိရမယ်။ အစ်မမှာ သားတွေရှိတယ်။ အစ်မသားတွေကိုလည်း သူ့လို စိတ်ဓါတ် မျိုးရှိအောင် သွန်သင်သွားမယ်။ နိုင်ငံ့အတွက် တာဝန်သိတဲ့သူမျိုး ဖြစ်အောင် သူတို့ကိုလုပ်မယ်"ဟုပြောသည်။

ကိုနေဝင်းကဲ့သို့ လက်နက်မပါဘဲ လက်နတ်ရှိသူကို ဖမ်းဆီးရန် ကြိုးစားခြင်းမျိုးက မလွယ်ကူကြောင်း မျက်မြင်သက်သေ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

"တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ ဒီလိုလက်နတ်မပါဘဲ လက်နတ်ကိုင်တစ်ယောက်ကို ဖမ်းဖို့ဆိုတာ မလွယ်ကူဘူးလေ၊ကိုနေဝင်းတစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။" ဟု အငှားယာဉ်မောင်းကိုဇာနည်ကပြောသည်။

ဒီဈာပနအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်တို့က ဝမ်းနည်းဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့သည်။

ဈာပနအခမ်းအနားကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းများက လုံခြုံရေး အပြည့်အဝ တာဝန်ယူခဲ့ကြပြီး လူပေါင်းထောင်ချီ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly