၁၅ နှစ်အကြာမှ တစ်ကိုယ်တော်အခွေ ထပ်မံထွက်ရှိတဲ့ တင်ဇာမော်

၁၅ နှစ်အကြာမှ တစ်ကိုယ်တော်အခွေ ထပ်မံထွက်ရှိတဲ့ တင်ဇာမော်

ရန်ကုန်၊ဇန်နဝါရီ ၃၁ ။             ။ ၂၀၀၂ ခုနှစ်က ၆ ခွေမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို နောက်ဆုံးထွက်ရှိထားတာဖြစ်တဲ့ အဆိုတော် တင်ဇာမော်က သူ့ရဲ့ ၇ ခွေမြောက် တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကိုတော့ ၁၅နှစ်အကြာမှာ ထပ်မံထွက်ရှိတော့မှာ ဖြစ်ပါတယ်။

၇ ခွေမြောက် တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့အပြင် သူ့မွေးနေ့ ဖော်ဖော်ဝါရီလ ၇ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်တာကြောင့်  တေးစီးရီးနာမည်ကိုတော့ 7th လို့ အမည်ပေးထားတာ ဖြစ်တယ်လို့ တင်ဇာမော်က ပြောပါတယ်။

“အစ်မက အခွေမထွက်တာဆိုရင် ၁၅နှစ် လောက်ရှိသွားပြီလေ။ ပရိသတ်ကလည်း အခွေထွက်ဖို့ ပြောကြတယ်။ အစ်မ ဒီအခွေကို ပြင်နေတာ တစ်နှစ်ခွဲလောက်ပြီ။ ဒါက အစ်မရဲ့ တစ်ကိုယ်တော် ၇ခွေမြောက်လည်း ဖြစ်တယ်။ မွေးနေ့မှာလည်း ထွက်မှာဆိုတော့ 7th လို့ ရိုးရိုးပဲ ပေးဖြစ်တာပါ” လို့ ပြောပါတယ်။

တေးရေးများအဖြစ် ရွှေဂျော်ဂျော်၊ မြင့်မိုးအောင်၊ မောင်မောင်ဇော်လတ်၊ အယ်လ်ဖြူ၊ အောင်ကိုမြင့်၊ ကောင်းဇော် နှင့် မာတင်တို့ဖြစ်ပြီး Dream Lover Band နဲ့ တီးခတ်ထားတာဖြစ်ပါတယ်။

အဆိုပါ တေးအမ်လ်ဘမ်တွင် ပရိသတ်နှစ်ခြိုက်ခဲ့တဲ့ ဧည့်သည်၊ ကိုယ့်မွေးနေ့ စတဲ့ တေးသီချင်းတွေအပါအဝင် သီချင်း ၁၀ ပုဒ်ပါဝင်မှာဖြစ်ပြီး Audio CD ကိုတော့ The Sun Music ကနေ ဖြန့်ချိမှာ ဖြစ်ပါတယ်။

“အစ်မက အဆိုရှင်အသစ်လည်း မဟုတ်တော့ဘူးဆိုတော့ ပရိုမိုးရှင်းတော့ မလုပ်တော့ပါဘူး။ ဟိုးအရင်တုန်းက တစ်ကိုယ်တော်ရှိုးလုပ်ရမှာ ရှက်သလိုပေါ့။ အစ်မက မွေးနေ့မှာ အခွေထွက်မှာ ဖြစ်တယ်ဆိုတော့ အဲဒီနေ့မှာပဲ The Sun Music မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ရှိမှာပါ” လို့ ထပ်မံပြောပါတယ်။

လက်ရှိမှာ တင်ဇာမော်က သီချင်းဆိုပြိုင်ပွဲတစ်ခုတွင် ဒိုင်အဖြစ်ဆောင်ရွက်နေပြီး ၁၉၉၄ ခုနှစ်ကတည်းက စွဲလမ်းမှုပြဿနာ” တေးအယ်လ်ဘမ်နဲ့ ပရိသတ်လက်ခံခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly