နိဂုံးလှလှ ရစေချင်

နိဂုံးလှလှ ရစေချင်

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ချိန်က ဖြစ်သည်။ မိမိတို့ ပြည်သူများ မျက်ရည်မဆည်နိုင်အောင် ပူဆွေးသောက ရောက်ခဲ့ကြရသည်။

ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်စဉ်က လမ်းများပေါ် လူတွေထွက်လာပြီး အော်ဟစ်ငိုကြွေး ပူဆွေးကြရသည်။

အဘယ့်ကြောင့်ပါနည်း။ ဗိုလ်ချုပ်သည် မကွယ်လွန်ခင်အချိန်က တိုင်းပြည်နှင့် လူမျိုးအတွက် စွမ်းစွမ်းတမံ အလုပ် လုပ်ခဲ့သူ ဖြစ်သည်။

ကွယ်လွန်စဉ်အချိန်က ကိုယ်ပိုင်ပစ္စည်းအဖြစ် အင်္ကျီသုံးစုံ ထားခဲ့နိုင်သည်။ သို့သော် သူ့ကျေးဇူးတော်ကမူ ကြီးမားလှသည်။

မိမိတို့နိုင်ငံအားနှစ်တစ်ရာကျော် အုပ်စိုးနေခဲ့သည့် လူမျိုးခြား လက်အောက်မှသူဦးဆောင်ပြီး လွတ်မြောက်အောင်ဆောင်ရွက်ပေး ခဲ့သည်။

သူ့ကိုယ်ကျိုး အတွက်မူ သူ မကြည့်ခဲ့။ သူ့ ကိုယ်ကျိုးကို ဦးစားမပေးခဲ့။ သူ့တပည့် သားမြေးကောင်းစားရေး မလုပ်ခဲ့။ သူ့ဆွေမျိုး သားချင်းတစ်သိုက် ကောင်းစားရေးကို လျစ်လျူရှုခဲ့။ သူသည်ကား တိုင်းပြည်နှင့် လူမျိုး အကျိုးမှအပ ဘာတစ်ခုကိုမျှ ဦးစားမပေးခဲ့။ ထို့ကြောင့် သူ ကွယ်လွန်သောအခါ ပြည်သူများ ပူဆွေး ဝမ်းနည်းကြရသည်။

တစ်တိုင်းပြည်လုံး ငိုကြွေးကြရသည်။ ဗိုလ်ချုပ်၏ ကျေးဇူး၊ ဗိုလ်ချုပ်၏ ဂုဏ်၊ ဗိုလ်ချုပ်၏ ကျေးဇူးတော်ကို ထုတ်ဖော်ချီးမွမ်းကာ လွမ်းကြရသည်။

ထို့အတူပင် ဗီယက်နမ်နိုင်ငံတွင်လည်း အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်း ကွယ်လွန်စဉ်က ဗီယက်နမ်ပြည်သူများ ငိုကြွေး ပူဆွေးကြရသည်။

ဗီယက်နမ် တစ်နိုင်ငံလုံး ဝမ်းနည်းခြင်း အထိမ်း အမှတ်များ ကျင်းပကြသည်။ ခေါင်းဆောင်ကြီး ဟိုချီမင်း၏ ပြောင်မြောက်လှသည့် အသက်စွန့် ကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို နှောင်းလူငယ်တို့ သိရှိရလေအောင် တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့် ကမ်းပြောပြကြ သည်။

ဟိုချီမင်း သေဆုံးစဉ်က သူ၏ အသုဘအခမ်းအနားတွင် လူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြ။ အဘယ့်ကြောင့် ယခုလို ဗီယက်နမ်ပြည်သူများ ငိုကြွေးပူဆွေးခဲ့ကြရသနည်း။

ဟိုချီမင်းသည် သူ့ဘဝတစ်သက်တာလုံး ကွဲပြားလျက်ရှိသော ဗီယက်နမ်နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး၊ ဗီယက်နမ်ပြည်သူများ လွတ်မြောက်ရေးအတွက် ဆင်းရဲပင်ပန်းကြီးစွာ ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။

သူသည် မကွယ်လွန်ခင်က သူ့မိသားစုအတွက် ပစ္စည်းဥစ္စာ ဘာတစ်ခုမျှ မချန်ရစ်ခဲ့။ သူ့ အသိုင်းအဝိုင်းအတွက် ဘာအခွင့်အရေး မျှ ဖန်တီးမပေးခဲ့။ သူ့ ဘဝတစ်ခုလုံး တော်လှန်ရေးကြီးအတွင်း မြှုပ်နှံထားကာ ကွယ်လွန်သည့်အခါ ဝတ်စုံလေး သုံးစုံပင် မရှိရှာ ခဲ့။

ဤကဲ့သို့ ကိုယ်ကျိုးစီးပွားမရှာ အများအကျိုး တိုင်းပြည်အကျိုးကိုသာ တစ်ဘဝလုံး မြှုပ်နှံ လုပ်ကိုင်သွားသူ ဖြစ်သည့်အတွက် ဗီယက်နမ်ပြည်သူများက ဟိုချီမင်း ကွယ်လွန်သောအခါ နေမင်း လမင်းကြီး ကွယ်သလို ခံစားကြရခြင်းဖြစ်သည်။ နှမြောတသ ယူကျုံးမရ ဖြစ်ကြရခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံက မဟတ္တမ ဂန္ဒီကို အိန္ဒိယပြည်သူများက သူကွယ်လွန်သည့်အခါ ငိုကြွေးပူဆွေး ကြရသည်။ အိန္ဒိယတစ်နိုင်ငံလုံး ဘုရားကျောင်းဟူသမျှ ခေါင်းလောင်းသံများ ပြိုင်တူတီးကာ ဂုဏ်ပြု ကြသည်။ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုကြသည်။

လမ်းလျှောက်လာသူအားလုံး ရောက်ရာနေရာ တွင်ပင် ရပ်ကာ ဝမ်းနည်းကြောင်း ပြကြသည်။ ဂန္ဒီကြီး ကောင်းရာသုဂတိ လားစေရန် ဆုတောင်းကြ သည်။ အဘယ့်ကြောင့်ပါနည်း။

မဟတ္တမ ဂန္ဒီကြီးသည် သူ့ဘဝ သက်တမ်းတစ်လျှောက်လုံး ခြိုးခြံချွေတာခြင်း ကြီးစွာနေထိုင် ကာ အိန္ဒိယပြည်သူများကို သည်းခံခြင်းတရားနှင့် ယှဉ်သည့် မြတ်သော နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ကို ကိုယ်တိုင်ကျင့်ကြံပြခဲ့သည်။

လွတ်လပ်ရေးရရာရကြောင်း စည်းရုံးလှုှုံှု့ဆော်မှုလုပ်ငန်း များကို မပင်မပန်း ဆောင်ရွက်ခဲ့သည်။

အိန္ဒိယနိုင်ငံကြီး သွေးစည်းညီညွတ်ဖို့အရေး နေ့ရောညပါ ဆောင်ရွက်သည်။ ထို့ကြောင့် သူကွယ်လွန်သောအခါ အိန္ဒိယပြည်သူ များက ငိုကြွေးပူဆွေးကြခြင်း ဖြစ်သည်။ နှမြောတသ ကြခြင်းဖြစ်သည်။ ဂုဏ်ပြုဦးခိုက်ကြခြင်း ဖြစ်သည်။

မှန်ပါသည်။ မည်သူမဆို ဗိုလ်ချုပ်အောင်ဆန်း ရယ်မှမဟုတ်၊ ဟိုချီမင်း မှရယ်လို့မဟုတ်၊ မဟတ္တမ ဂန္ဒီ မှရယ်မဟုတ် မိမိ သက်ရှိ ထင်ရှားရှိစဉ် အများကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး ကိုယ်ကျိုးစွန့် ဆောင်ရွက်ရိုးမှန်ပါက အများကလည်း ထိုသို့သော ပုဂ္ဂိုလ် များအပေါ် လေးစားကြ ချစ်ခင်ကြ ကွယ်လွန်သည့်အခါ နှမြောတသကြမည်မှာ မလွဲဧကန် ဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့တိုင်းပြည်တွင် မည်သူမဆို ဗိုလ်ချုပ်အောင်ဆန်း၊ ဟိုချီမင်းနှင့် မဟတ္တမ ဂန္ဒီတို့လို နိဂုံးလှသည့် ဘဝပိုင်ရှင် များဖြစ်အောင် နေထိုင်ကြိုးပမ်းသင့်ကြောင်း တင်ပြအကြံပြု လိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags