Miss Universe ပြိုင်ပွဲဝင် ဆုရဝတ်စုံ ကီလိုဂရမ် ၄၀ အလေးချိန်ရှိ

Miss Universe ပြိုင်ပွဲဝင် ဆုရဝတ်စုံ ကီလိုဂရမ် ၄၀ အလေးချိန်ရှိ
Photo - EPA

ဇန်နဝါရီလ ၃၀ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် Miss Universe ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ထက်ထက်ထွန်းသည် ဒီဇိုင်နာ လဇိန်ဂမ်ထွဲ၏ လေးဆယ်ကီလိုဂရမ်ခန့် လေးသော ရုပ်သေးမင်းသမီးဝတ်စုံဖြင့် National Costume ဆုရရှိခဲ့သည်။

ဆုရဝတ်စုံသည် ဒီဇိုင်နာ လဇိန်ဂမ်ထွဲ အနေဖြင့် Miss Universe Myanmar အလှမယ်အတွက် ပထမဦးဆုံး ချုပ်ပေးရသည့် ဝတ်စုံဖြစ်ကာ သူ့အတွက် ဝေဖန်မှုများစွာကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်ဟု ဆိုသည်။ အဆိုပါဝတ်စုံသည် မြန်မာ့ယဉ်ကျေးမှု ရုပ်သေးစင်ပါသည့်အတွက် ပေါ့ပါးစေရန် ဖိုင်ဘာများ အလူမီနီယံများဖြင့် ပြုလုပ်ထားသော်လည်း အလေးချိန်အားဖြင့်  လေးဆယ်ကီလိုခန့်ကို ထက်ထက်ထွန်း ဆောင်ယူသွားခဲ့ရခြင်းဖြစ်သည်။

“အရင်သူများနှစ်တွေတုန်းကလို စိန်တွေ၊ ကျောက်တွေ၊ ပတ္တမြားတွေ ကျွန်တော်တို့က အစစ်တွေ သုံးထားတာ မဟုတ်ဘူး။ အဓိက,က ကိုယ်ပြချင်တဲ့ performance နဲ့ theme က စင်ပေါ်မှာ မြန်မာ့ရုပ်သေး အမြင့်သဘင်ကို ကမ္ဘာက သတိထားမိသွားပြီးတော့ ဒါ သူတို့နိုင်ငံကပါလား ဆိုတာကို သိသွားပြီးတော့ သုံးခဲ့တဲ့ ပစ္စည်းတွေအကုန်လုံးကို ပစ္စည်းအစစ်တွေ အတတ်နိုင်ဆုံး သုံးထားတယ်။ ဒီအပြင်က ရုပ်သေးအမြင့်သဘင်ကို ကမ္ဘာ့စင်မြင့်ပေါ်မှာ enlarge လုပ်လိုက်တဲ့သဘောပဲ။ ဆိုဒ်လေး နည်းနည်းချဲ့လိုက်ပြီးတော့ အမြင့်သဘင်က ရုပ်သေးမင်းသမီးသည် ထက်ထက်ထွန်း ကိုယ်တိုင်ဖြစ်သွားစေရတယ်။”ဟု ဒီဇိုင်နာ လဇိန်ဂမ်ထွဲကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် Miss Universe ပွဲတွင် ပထမဆုံးအကြိမ် ဆုတစ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ၆၅ ကြိမ်မြောက် Miss Universe Winner ဆုကို ပြင်သစ်အလှမယ်မှ ဆွတ်ခူးရရှိသွားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly