လုပ်ကြံသတ်ဖြတ်မှုများ၏ နောက်ကွယ်တွင်

လုပ်ကြံသတ်ဖြတ်မှုများ၏ နောက်ကွယ်တွင်
သေဆုံးခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေပြု အဖွဲ့ဝင် ဦးကိုနီ  ရုပ်အလောင်းကို ရန်ကုန်မြို့ ရေဝေး သုသာန်ရှိ စွန္နိမွတ်စလင်မ်ကဗရ်စတာန် ဥယျာဉ်တော် သချိုၤင်း၌ သဂြိုၤလ်ခဲ့သည်ကို     မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ သက်ကို/မဇ္ဈိမ)

မနေ့က ၂၀၁၇ ခု၊ ဇန်နဝါရီလ ၃၀ ရက်နေ့သည် အိန္ဒိယနိုင်ငံ လူထုခေါင်းဆောင်လည်းဖြစ်၊ လွတ်လပ်ရေးတိုက်ပွဲခေါင်းဆောင်လည်းဖြစ်သည့် “မဟတ္တမ ဂန္ဒီ” လုပ်ကြံသတ်ဖြတ်ခဲ့ရသည့်  ၅၉ နှစ်မြောက်နေ့ဖြစ်သည်။ မဟတ္တမ ဂန္ဒီကို ဟိန္ဒူလက်ရာအစွန်းရောက် လူငယ်တစ်ဦးက လူပုံအလယ်တွင်ပင် သေနတ်နှင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့သည်။

ထိုနည်းတူစွာ လွန်ခဲ့သည့် ၂ ရက်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအကြံပေးအဖွဲ့ဝင် ဦးကိုနီသည် ရန်ကုန်လေဆိပ် လူမြင်ကွင်းတွင်ပင် သေနတ်သမားတစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

လုပ်ကြံသတ်ဖြတ်မှုသတင်းများကို ဆက်စပ်စဉ်းစားသည့်အခါ နိုင်ငံတကာက လုပ်ကြံသတ်ဖြတ်မှု သတင်းတချို့က မိမိတို့စိတ်ထဲ တချို့တဝက် ပြန်ပေါ်လာခဲ့သည်။ ဥပမာ ဖိလစ်ပိုင်နိုင်ငံ စစ်အာဏာရှင်အစိုးရ ဆန့်ကျင်ရေးသမား အတိုက်အခံခေါင်းဆောင် “ဘီနစ်နီ အကွီနို” နှင့် ထိုင်းနိုင်ငံ ရှပ်ဝါခေါင်းဆောင်တစ်ဦး ဖြစ်သည့် “စမ်သီ လစ်သောင်ကူး” တို့သည်လည်းပဲ ယခုလိုပင် သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံခဲ့ကြရတဲ့ သတင်းတွေက စိတ်ထဲ ပြန်ပေါ်လာကြရပါသည်။

ဖိလစ်ပိုင်ငံ အတိုက်အခံခေါင်းဆောင် ဒီမိုကရေစီရေးသမား “ဘီနစ်နို အကွီနို” သည် ၁၉၈၃ ခု၊ သြဂုတ်လ ၂၁ ရက်နေ့တွင် ပြည်ပမှတဆင့် တိုင်းပြည်ပြန်လာစဉ် လေဆိပ်မှာပဲ လုပ်ကြံသတ်ဖြတ်ခံရသည့် အတွက် ကွယ်လွန်ခဲ့ဖူးသည်။ နေရာမှာတွင်ပင် လဲကျကွယ်လွန်ခဲ့ပါသည်။ ထို့နောက် မိမိတို့ရဲ့ အိမ်နီးနားချင်း ထိုင်းနိုင်ငံက အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ “စမ်သီ လစ်သောင်ကူး” သည်လည်း ၂၀၀၉ ခု၊ ဧပြီလ ၁၇ ရက်နေ့၊ သူစီးလာသည့်ကားကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်လုပ်ကြံခံခဲ့ရ၏။ သို့သော် သူကတော့ ကံအားလျော်စွာ ဒဏ်ရာ အကြီးအကျယ်ရရှိခဲ့သော်လည်း အချိန်မီကုသပြီး အသက်ကယ်နိုင်ခဲ့၏။ ယင်း နိုင်ငံရေးခေါင်းဆောင်များရဲ့ လုပ်ကြံသတ်ဖြတ်ခံရမှုများတွင် သတ်ဖြတ်သူ လက်သည်တရားခံများကိုမူ ဖမ်းဆီးအရေးယူနိုင်ခြင်း၊ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပါချေ။

ယခုလည်း ရှေ့နေကြီး ဦးကိုနီသည် ရှေ့နေတစ်ဦးဖြစ်သည့် အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အားအကိုးရဆုံး ဥပဒေပညာရှင်တစ်ဦးဖြစ်သည်။ ထို့ပြင် မိမိတို့တိုင်းပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အထူးစိတ်အားထက်သန်သူတစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခြင်းသည် သာမာန် စိတ်လိုက်မာန်ပါ ပြုလုပ်မိသည့် ရာဇဝတ်မှုမဖြစ်နိုင်ဘဲ လုပ်ကြံမှု၏နောက်ကွယ်တွင် ပုန်းကွယ်ဖုံးကွယ်ထားသော အကြောင်းအရာများ ရှိကောင်းရှိနေနိုင်သည်ဟု လူအများက ယူဆကြပါသည်။ လုပ်ကြံပုံ လုပ်ကြံနည်းနှင့် လုပ်ကြံခံရသည့် လူပုဂ္ဂိုလ်များအကြောင်း ဆက်စပ်စဉ်းစားသည့်အခါ ဖိလစ်ပိုင်နိုင်ငံက “ဘီနစ်နီ အကွီနို”နှင့် ထိုင်းနိုင်ငံက “စမ်သီ လစ်သောင်ကူး” တို့လို နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်သလောဟု ထင်ကြေးပေးသူတွေကလည်း ပေးကြပါသည်။

မည်သို့ပင်ဖြစ်စေ မည်သည့်ရည်ရွယ်ချက်ကြောင့်ပင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းနည်းကို အသုံးပြုသည့်အတွက်ကိုမူ မိမိတို့အနေနှင့် သဘောမတူနိုင်ပါ။ ကန့်ကွက်ကြရမည်သာဖြစ်သည်။ ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ မကြေနပ်မှုကို အကြမ်းဖမ်းဖြေရှင်းခြင်းဖြင့်လည်း ပြဿနာများ ပြေလည်အောင်မြင်သွားသည်ဟူ၍ မည်သည့်အခါတုန်းကမျှလည်း မရှိခဲ့ဘူးသလို နောင်တွင်လည်း ရှိလိမ့်မည် မဟုတ်ချေ။ သည်လို ပြုမှုလိုက်ခြင်းကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေးလာစေပြီး လုပ်ကြံသူများအနေနှင့်လည်း ယင်းတို့၏ ရည်ရွယ်ချက် အောင်မြင်မှုဖြင့် နိဂုံးချုပ်စရာ အကြောင်း မရှိချေ။ အချိန်တန်သောအခါ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်ဝါဒမှာ အောင်ပွဲမခံကြရဘဲ ကျဆုံးသွားကြရသည်သာ ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်လေဆိပ်အတွင်းတွင် ဖြစ်ပွားခဲ့သည့် လုပ်ကြံသတ်ဖြတ်မှုကို မိမိတို့အနေဖြင့် ကန့်ကွက် ရှုတ်ချပါသည်။ မိမိတို့နိုင်ငံအတွင်း မည်သို့သော ပြဿနာများပင်ဖြစ်ပစေ “လက်နက်ဖြင့် အကြမ်းဖက်ဖြေရှင်းသော အပြုအမူ အယူအဆယဉ်ကျေးမှုများ” အမြန်ဆုံးနည်းပါး ပပျောက်ပါစေကြောင်းကိုလည်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly