တန်ဇန်နီးယားတွင် ရွှေတွင်းပြိုမှုအောက်၌ ပိတ်မိနေသည့် မိုင်းလုပ်သား ၁၅ ဦးအား ကယ်ဆယ်

တန်ဇန်နီးယားတွင် ရွှေတွင်းပြိုမှုအောက်၌ ပိတ်မိနေသည့် မိုင်းလုပ်သား ၁၅ ဦးအား ကယ်ဆယ်

ဒိုဒိုမာ၊ ဇန်နဝါရီ ၃၁ ။               ။ တန်ဇန်နီးယားနိုင်ငံမှာ ရွှေတွင်းတစ်တွင်း ပြိုကျပြီး မြေအောက် ၃၅ မီတာအနက် ပိတ်မိနေတဲ့ မိုင်းလုပ်သား ၁၅ ဦးကို နှစ်ရက်လွန်မြောက်ပြီးချိန်မှာတော့   ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

“မိုင်းလုပ်သားတွေ အားလုံး အသက်ရှင်လျက် ကယ်လိုက်နိုင်တာပါ။”လို့ မျက်မြင်တစ်ဦးက အေအက်ဖ်ပီသို့ ဖုန်းကနေ ဖြေဆိုပါတယ်။

“မိုင်းတွင်းပြိုမှုအတွင်းမှာ တစ်ယောက်မှ သေဆုံးမှု မရှိတာ တကယ်ကံမတာပါပဲ။ ဒါပေမယ့် လွတ်မြောက်လာတဲ့ မိုင်းလုပ်သားတွေက အားနည်းနေပုံတော့ တွေ့ရတယ်။”လို့ ၎င်းက ပြောပါတယ်။

မီဒီယာသတင်းတွေမှာတော့ ကယ်ဆယ်ခဲ့ရတဲ့ မိုင်းလုပ်သားတွေရဲ့ပုံတွေ၊ ကယ်ဆယ်ရေးအဖွဲ့ရဲ့ ရွံ့အလူးလူးနှင့် ကယ်ဆယ်နေတဲ့ပုံတွေကို ဖော်ပြကြပါတယ်။ မိုင်းလုပ်သားတွေကို ခုလိုကယ်ဆယ်နိုင်ပြီးနောက်မှာ ဆေးရုံကို ပို့ဆောင်ပေးထားခဲ့တယ်။

“သူတို့ရဲ့ အခြေအနေကို စောင့်ကြည့်သွားပါမယ်။ မနက်ဖြန်ဆိုရင်တော့ ဆေးရုံက ဆင်းခွင့်ပြုနိုင်မယ် ထင်တယ်။”လို့ အရှေ့မြောက်ပိုင်း ဂယ်တာပြည်နယ်က ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကယ်ဆယ်ခဲ့ရသူတွေမှာ ၁၄ ဦးက တန်ဇန်နီးယားနိုင်ငံသားတွေဖြစ်ပြီး တစ်ဦးကတော့ တရုတ်အမျိုးသားတစ်ဦးပါ။ ပြိုကျမှုဖြစ်တဲ့ ရွှေမိုင်းတွင်းက တရုတ်ကုမ္ပဏီတစ်ခုပိုင်တဲ့ မိုင်းတွင်းလို့ သိရပါတယ်။

တန်ဇန်နီးယားနိုင်ငံဟာ အာဖရိကမှာ ရွှေနဲ့ အဖိုးတန်သတ္တု စတုတ္ထအများဆုံးထွက်ရှိရာနိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ အဓိကဝင်ငွေကလည်း မိုင်းလုပ်ငန်းက ဖြစ်ပါတယ်။

မိုင်းလုပ်သားတွေမှာ ပစ္စည်းကိရိယာမစုံလင်ပဲ ဘေးကင်းလုံခြုံမှု နည်းပါးစွာနဲ့ တူးဖော်မှုတွေ လုပ်ဆောင်နေရတာကြောင့် မကြာခဏလည်း မိုင်းတွင်းပြိုကျမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly