ကွီးဘတ်ဗလီ တိုက်ခိုက်သည့် နိုင်ငံရေးသိပ္ပံကျောင်းသားအား လူသတ်မှုဖြင့် ခြောက်ရပ်ဖြင့် စစ်ဆေး

ကွီးဘတ်ဗလီ တိုက်ခိုက်သည့် နိုင်ငံရေးသိပ္ပံကျောင်းသားအား လူသတ်မှုဖြင့် ခြောက်ရပ်ဖြင့် စစ်ဆေး

ကွီးဘတ်၊ ဇန်နဝါရီ ၃၁ ။                ။ ကနေဒါနိုင်ငံ ကွီးဘတ်မြို့အတွင်းက မွတ်စလင်ဗလီတစ်ခုကို ပစ်ခတ်တိုက်ခိုက်သည့် နိုင်ငံရေးသိပ္ပံကျောင်းသားအား လူသတ်မှုခြောက်ရပ်ဖြင့် စစ်ဆေးတရားစွဲဆိုထားသည်။

နိုင်ငံအတွင်း အဆိုးဆုံးတိုက်ခိုက်မှုများ၌ တစ်ခုအပါအဝင်ဖြစ်ခဲ့သည့် ယင်းတိုက်ခိုက်မှုတွင် သေဆုံးသူ ခြောက်ဦး ရှိခဲ့သည်။

ဇန်နဝါရီ ၂၉ ရက် ညကဖြစ်သွားသော ကွီးဘတ်ဗလီတိုက်ခိုက်မှုသည် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်းထရူဒူးက ရှုတ်ချသည်။

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူက ရှစ်ဦးရှိပြီး ငါးဦးမှာ ဆေးရုံတွင် စိုးရိမ်ရသည့် အခြေအနေ၌ ရှိနေသည်။ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာနေရာသို့ ဝမ်းနည်းကြေကွဲမှုအဖြစ် ပန်းစည်းများ လာရောက်ချသူများ ရှိကြသည်။

ပစ်ခတ်မှု ကျုးလွန်ပြီးနောက် အာဏာပိုင်များထံ လက်နက်ချ အဖမ်းခံခဲ့သည့် ကျောင်းသား အလက်ဇန္ဒြားဘစ်ဆွန်းနက်အား ကြိုတင်ကြံစည်လူသတ်မှု ကျုးလွန်မှု ခြောက်ရပ်နှင့်အတူ လူသတ်ရန် ကြံစည်မှု ငါးရပ်ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရဲက ပြောသည်။

စွဲချက်ပုဒ်မများ နောက်ပိုင်းထပ်တိုးနိုင်ခြေရှိကြောင်း ရဲက ဆိုသည်။

“အကြမ်းဖက်မှုဝါဒနဲ့ အမျိုးသားလုံခြုံရေးစွဲချက်ချက်တွေနဲ့လည်း စွဲချက်တင်နိုင်ဖို့ သက်သေအချက်အလက်တွေ ရလာမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။”ဟု ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသမီးဖြစ်သူက ဆိုသည်။

ဘစ်ဆွန်းန်သည် ကွီးဘတ်က အမျိုးသားရေးဝါဒီတစ်ဦးဖြစ်ကာ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားမှုများကိုလည်း ဆန့်ကျင်သူဖြစ်ကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖေ့ဘုတ်ပေ့ချ်ကို မကြာသေးခင်ကမှ like လုပပ်ခဲ့ကြောင်း သိရသည်။

ဗလီတွင် ညနေပိုင်း ဝတ်ပြုဆုတောင်းစဉ် မျက်နှာဖုံးတပ် လူနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ရဲနှင့် မျက်မြင်များက ပြောသည်။

သို့သော် ဒုတိယလူမှာ အခင်းဖြစ်ရာတွင် မျက်မြင်အဖြစ် ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းနေကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၃၀ ရက်တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags