အပြောင်းအလဲကို စောင့်မျှော်နေတဲ့ နာဂဒေသ

အပြောင်းအလဲကို စောင့်မျှော်နေတဲ့ နာဂဒေသ
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ရုံးစိုက်ရာ လဟယ်မြို့ကို ၂၀၁၆ စက်တင်ဘာလက တွေ့ရပုံ  (ဓာတ်ပုံ - နန်းတင်ထွေး)

(နန်းတင်ထွေးက အလွတ်တန်းသတင်းထောက် ဖြစ်ပါတယ်။ Myanmar Now ရဲ့ သတင်း ထောက် မဟုတ်ပါ။ သူ့ဆောင်းပါး ပိုမိုပျံ့နှံ့စေဖို့ Myanmar Now က ကူညီဖြန့်ဝေပေးတာပါ)

 နာဂတောင်တန်းတွေကြားထဲမှာ လဟယ်မြို့လေးဟာတိတ်တိတ်ဆိတ်ဆိတ် ရှိလှပါတယ်။

ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခတွေကြောင့် ချွတ်ခြုံကျနေတဲ့ နိုင်ငံမှာအမှန်တကယ် ပြောင်းလဲမယ်လို့ ကြွေးကြော်ခဲ့တဲ့ အတိုက်အခံပါတီ အစိုးရဖွဲ့ နိုင်ခဲ့တာကြောင့် ပြည်တွင်းပြည်ပက စောင့်ကြည့်နေကြ ပါတယ်၊ ဒါပေမဲ့အစိုးရသစ် တက်လာပြီးတစ်နှစ်ပြည့်ခါနီး အချိန်မှာတော့ နိုင်ငံရဲ့ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးဒေသ နာဂတောင်တန်းအခြေအနေက အရင်အတိုင်းပါပဲ။

  “အခုထိတော့ ဘယ်လိုအပြောင်းအလဲမှ မတွေ့သေးဘူး” လို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးသိန်းဇော်ကဆိုပါတယ်။ အိန္ဒိယနယ်စပ်က နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသဟာလဟယ်၊ လေရှီး၊နန်းယွန်း မြို့နယ် သုံးခုကိုပေါင်းထားတာဖြစ်ပြီးလူဦးရေ ၁၂ဝ,ဝဝဝ ကျော် ရှိပါတယ်။ ၂ဝ၁၄ စက်တင်ဘာကစလို့ လဟယ်ဟာ လျှပ်စစ်မီး ၂၄ နာရီရရှိခဲ့ပါတယ်။

ဆက်သွယ်ရေး

မပြောင်းလဲသေးတဲ့ လဟယ်ကိုရောက်ဖို့ ဆိုရင် လမ်းတစ်လမ်းပဲရှိပါတယ်။ အဲဒီလမ်းက ခန္တီးမြို့နဲ့ ဆက်သွယ်ထားတာပါ။ ဒီလမ်းဟာမိုးရာသီ ဖြစ်တဲ့ ဇွန်ကနေ စက်တင်ဘာအတွင်းမှာ သွားလာလို့မရပါဘူး။ ကျန်တဲ့အချိန်တွေမှာတော့ ဒေသတွင်းသွားလာဖို့အတွက် မော်တော်ဆိုင်ကယ် တွေကိုသာ အားကိုးနေရတာပါ။ လမ်းအခြေအနေဟာ မြန်မာနိုင်ငံရဲ့အခြားဒေသတွေနဲ့ စိတ်ကူးနဲ့ တောင် နှိုင်းယှဉ်လို့မရအောင် ဆိုးဝါးပါတယ်။ မြေပြို၊ တောင်ကြားလမ်းတလျှောက် လမ်းချော်မှုတွေနဲ့ ကြုံရင် နာရီနဲ့ချီကြာအောင် ပိတ်နေတတ်တဲ့လမ်းပါ။ နွေရာသီမှာလေးဘီးယက် အမြင့်ကားတွေ၊ ပစ်ကပ်ကားတွေ သွားလို့ ရနိုင်ပေမဲ့ မော်တော်ဆိုင်ကယ်ကိုသုံးခြင်းဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် လက်တွေ့ပိုကျပါတယ်။

လဟယ်ကနေ ခန္တီးကိုသွားတဲ့ ခရီးလမ်းဟာ အဲဒီလို ခက်ခက်ခဲခဲသွားလာရတာကြောင့် တစ်ရက်နီးပါး ကြာတတ်ပါတယ်။ စီးပွားရေးမြို့တော် ရန်ကုန်ကနေသွားမယ်ဆိုရင်တော့ ၂ ရက်ကြာ ပါမယ်။ ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ ခန္တီးထိလေယာဉ် ၂ ဆင့်စီးရမှာ ဖြစ်ပြီး၊ ခန္တီးကနေ ချင်းတွင်းမြစ်ကိုတစ်ရက်ကြာဖြတ်ကျော်ရမှာပါ။ ချင်းတွင်းမြစ်တွင်းခရီးပြီးရင်တော့ လမ်းခရီးလည်း အဆင်ပြေမယ်ရင် ဆိုင်ကယ် ၃ နာရီလောက် စီးရုံနဲ့ လဟယ်ကိုရောက်နိုင်ပါပြီ။

   ၂၄ နာရီ လျှပ်စစ်မီးလာတဲ့လဟယ်မှာ အစိုးရသစ်လက်ထက် အပြောင်းအလဲတစ်ခုအနေနဲ့ ဆိုရင်တော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းစတင် အသုံးပြုနိုင်တဲ့ 3G ဖုန်းလိုင်းပေါ်ပေါက်လာခြင်းပါပဲ။  ဒီအခြေအနေ ဖြစ်ပေါ်မလာခင်ကတော့ အင်တာနက် ချိတ်ဆက်မရနိုင်တဲ့ 2G ဖုန်းတွေကိုပဲ သုံးခဲ့ရတာပါ။

  ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့၂ဝ၁၅ ဖေဖော်ဝါရီလအစီရင်ခံစာမှာတော့ စစ်ကိုင်းတိုင်းဒေ သကြီး အစိုးရလက်အောက် နာဂဒေသဟာလဟယ်ရဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့အချက်ကို ဖော်ပြထားပါ တယ်။ ဒီအစီရင်ခံစာရေးဖို့ အချက်အလက်တွေကိုလဟယ်၊ ကလေးဝ၊ ကန့်ဘလူနဲ့ မုံရွာမြို့ ဒေသခံ တွေဆီကနေ ၂ဝ၁၄ မှာကောက်ယူခဲ့တာပါ။ ၃ နှစ်အတွင်းသူတို့ရဲ့ ဝင်ငွေ အကြောင်းမေးမြန်းရာမှာ လဟယ်ဒေသခံတွေရဲ့ ၁၈ ရာခိုင်နှုန်းကပဲသူတို့ဝင်ငွေတိုးလာတယ်လို့ ဖြေဆိုပါတယ်။ ကျန်တဲ့ ၃ မြို့ မှာတော့ ဝင်ငွေတိုးလာတယ်လို့ ပြောတဲ့သူက ၄ဝရာနှုန်းဝန်းကျင်ရှိနေပါတယ်။

   နာဂရိုးရာစာပေနဲ့ ယဉ်ကျေးမှု ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးအေးဇတ်ကလည်း အလားတူ သုံးသပ်ပါတယ်။“ဒီဒေသကဖွံ့ဖြိုးရေးအတွက် အစိုးရသစ်အနေနဲ့ လုပ်စရာတွေ အများကြီးရှိနေတယ်။ အခုချိန်အထိသူတို့ ဘာမှ မလုပ်ပေးသေးဘူး” လို့ ခန္တီးမြို့မှာတွေ့ရတဲ့ ဦးအေးဇတ်က ညင်ညင်သာ သာ စီးဆင်းနေတဲ့ ချင်းတွင်းမြစ်အနီးကလက်ဘက်ရည်ဆိုင်မှာထိုင်နေရင်းပြောပါတယ်။

ဒေသခံတချို့ကတော့ ဆိုင်နားမှာခြင်းခတ်နေကြပါတယ်။ ခန္တီးဟာနာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမပါဝင်ပေမဲ့ ဒေသတွင်းအဓိက မြို့ကြီးပါ။ ခန္တီးလူဦးရေ ၄၇ဝ,ဝဝဝ ကျော်မှာလည်း အများစုက နာဂတိုင်းရင်းသားတွေပါပဲ။ ဒေသတွင်းမှာလေယာဉ်ကွင်းရှိတဲ့ တစ်ခုတည်းသော မြို့ဖြစ်ပြီးတော့ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်တစားလာရောက်လေ့ရှိတဲ့ နာဂရိုးရာ နှစ်သစ်ကူးပွဲကျင်းပရာ လဟယ်မြို့ကိုသွားနိုင်တဲ့ တစ်ခုတည်းသောဂိတ်ဝမြို့လည်း ဖြစ်ပါတယ်။

ခန္တီးမှာ လျှပ်စစ်မီးကိုညနေ ၆ နာရီမှာရနိုင်ပြီး ည ၁ဝ နာရီကျော်ရင်တော့ တစ်မြို့လုံး မှောင်သွားပါပြီ။ ညဘက်လမ်းတွေတော့ မော်တော်ဆိုင်ကယ် မီးရောင်တွေပဲရှိတတ်ပါတယ်။ ဒေသခံ တွေကတော့ အစိုးရသစ်လက်ထက်မှာဆေးရုံဆေးခန်းတွေ ထပ်ပြီးဆောက်ပေးဖို့၊ လမ်းပန်းဆက် သွယ်ရေး ပိုမိုကောင်းမွန်လာဖို့၊  ပညာရေးကဏ္ဍမြင့်တက်လာဖို့ မျှော်လင့်ပါတယ်။ လက်ရှိနာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုလုံးမှာ မြို့နယ်အဆင့်ဆေးရုံဆိုလို့ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ လဟယ်မြို့နယ်မှာပါ။

ကူးစက်ရောဂါ

  နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ တစ်ခုတည်းသော အခြေခံပညာအထက်တန်းကျောင်းက လဟယ်မှာရှိပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ၂၉  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နယ်စပ်ရေးရာဒု-ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်ရဲ့ ပြောကြားချက်အရတော့ နာဂဒေသမြို့တိုင်းမှာ နယ်စပ်ဒေသတိုင်းရင်း သား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွေ ဖွင့်ထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေမှာတော့ နာဂဒေသအကြောင်း ဆွေးနွေးမှုတွေ သိသိသာသာ ရှိခဲ့ပါတယ်။

လဟယ်မြို့နယ်ထဲကကျေးရွာ ၂ ခုရဲ့ လှေကားထစ် ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေး အတွက် ဒေသကိုစူးစမ်းလေ့လာခြင်း၊ နည်းပညာကူညီခြင်းစသည့် အစီအစဉ်တွေကိုလာမယ့် ဘဏ္ဍာ နှစ်မှာ ပြုလုပ်ပေးမယ်၊ နယ်စပ်ဈေးတွေ ဖွင့်နိုင်ဖို့လည်းအိန္ဒိယနဲ့ ညှိနှိုင်းနေတယ်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ပြောကြပါတယ်၊ နယ်စပ်ဈေးပေါ်ပေါက်လာရေး အစီအစဉ် နှောင့်နှေးနေရခြင်း ကတော့ "စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပထဝီနိုင်ငံရေးအခြေအနေများ"ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဖွံ့ဖြိုးရေး အလှမ်းဝေးနေပေမယ့် ယခင်သမ္မတရောယခုသမ္မတပါ နာဂဒေသ နှစ်သစ်ကူးပွဲ တော်တွေကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက် အားပေးပြီးသူတို့ရဲ့ ခရီးစဉ်တွေကိုအစိုးရ အာဘော် သတင်းစာမျက်နှာဖုံးတွေမှာ ဖော်ပြခဲ့ကြပါတယ်။ နာဂဒေသဟာသူ့ရဲ့ ဝေးလံခေါင်သီမှုကြောင့်ပဲ မြူဆိုင်းနေတဲ့ တောင်တွေ၊ သစ်တောတွေ၊ သစ်ပင်တွေနဲ့ လိပ်ပြာတွေဟာ မူရင်းသဘာဝအလှအ တိုင်းပဲ ရှိနေဆဲပါ။ နာဂဒေသဟာဇွန်လအတွင်းမှာအင်မတန် ဆိုးဝါးတဲ့ ဝက်သက်ရောဂါတမျိုး ဖြစ်ပွား ခဲ့ပါတယ်။ ကူးစက်မြန်ပြင်းထန်တဲ့ရောဂါကြောင့် နှစ်လအတွင်းလူ့အသက်ပေါင်း ၈ဝကျော်ဆုံးရှုံးခဲ့ရပြီး   နောက်ဆုံးမှာ ဒေသန္တရအစိုးရ၊ နာဂရိုးရာနှင့် ယဉ်ကျေးမှု ကော်မတီတို့ ဒီရောဂါကိုထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

အဲဒီရောဂါဖြစ်ပွားတဲ့ရွာတွေမှာအခြေခံကျန်းမာရေးဝန်ဆောင်မှုပေးမယ့် ကျန်းမာရေးမှူးတွေ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကူးစက်ရောဂါဖြစ်ပွားတဲ့ စက်တင်ဘာလအတွက်ပဲသူနာပြု ၅ဝ ကျော် သွားရောက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ပေးခဲ့ပါတယ်။

တိမ်တွေကို အပေါ်စီးက လှမ်းမြင်နေရတဲ့ ထန်ကော်လားမားရွာကလေးဟာ တောင်တန်းပေါ် မှာ တည်ရှိပြီး ဒီရွာကို တက်တဲ့လမ်းကတော့ အင်မတန်မတ်စောက်တဲ့ လမ်းဖြစ်ပါတယ်။ တိမ်တွေ အဆုပ်လိုက်အဆုပ်လိုက် ဖုံးအုပ်ထားတဲ့ အဲဒီတောင်ပေါ်ရွာကိုရောက်ဖို့ လဟယ်ကနေ မော်တော် ဆိုင်ကယ် ခရီးတစ်ရက်နှင်ရမှာပါ။ လမ်းမှာတော့ တောတောင်တွေ၊ စမ်းချောင်းတွေ ဖြတ်သန်းရပါ မယ်။ ဝေးလံခေါင်သီပြီး ငြိမ်သက်အေးချမ်းနေတဲ့ ရွာကိုလည်း ကူးစက်ရောဂါရောက်ရှိခဲ့တာကြောင့် ဒေသခံ ၂၆ ယောက် ဆုံးပါးခဲ့ရပါတယ်။

ရွာရဲ့ အကြီးအကဲတစ်ဦး ဖြစ်တဲ့ ဦးချူတိုက်ဟာ ဝင်ပေါက်တံခါးတစ်ခုပဲရှိတဲ့၊ ပြတင်းပေါက် မပါတဲ့ နာဂရိုးရာသက်ငယ်မိုး၊ သစ်သားအိမ်ရဲ့ရှေ့မှာထိုင်နေပါတယ်။ ကူးစက်ရောဂါကျတဲ့ အချိန်အ ခါအကြောင်း သူကပြောပြတဲ့အခါ အဲဒီကာလဟာ ဝမ်းနည်းစရာကောင်းတဲ့ အခိုက်အတန့်လို့ သူက ဆိုပါတယ်။ အဲဒီအချိန်မှာ တစ်ရွာလုံးကယ်ရာမဲ့သလို ခံစားခဲ့ရပုံကို ပြန်ပြောပြပါတယ်။

  ဒေသရဲ့စော်ဘွားတစ်ယောက်လိုဖြစ်နေတဲ့  ဦးချူတိုက်မှာ နိုင်ငံရဲ့ လတ်တလောအခြအနေ တွေအကြောင်း မှတ်ချက်ပေးစရာ သိပ်မရှိပါဘူး။ “ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကို သိပါတယ်၊ ယုံလည်းယုံတယ်။ ဒါပေမဲ့ အခုချိန်အထိ ကျွန်တော်တို့အတွက် ဘာအပြောင်းအလဲမှ မရှိသေးဘူး” လို့ ဦးချူတိုက်က ပြောလိုက်ပါတယ်။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly