တနင်္ဂနွေကျည်ဆန်

တနင်္ဂနွေကျည်ဆန်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ပြီးခဲ့တဲ့ တနင်္ဂနွေက ခါတိုင်းတနင်္ဂနွေများလိုပုံမှန် သမာရိုးကျနဲ့။ ညနေစောင်းချိန်မှာတော့ ကြားလိုက်ရတဲ့သတင်းတစ်ရပ်ကို အတည်ပြုနိုင်ဖို့ အပြေးအလွှားနဲ့ ဆောင်းတနင်္ဂနွေဟာ ကျည်ဆန်တွေ သယ်ဆောင်လာခဲ့ပါတယ်။

ဦးကိုနီက မတူကွဲပြားခြင်းတွေကို ငြိမ်းချမ်းစွာ ယှဉ်တွဲနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံမှာ Senior Leadership Program လေ့လာရေးခရီးသွားခဲ့ပြီးတဲ့နောက် အိမ်ပြန်ဖို့ စောင့်ဆိုင်းနေစဉ် ဦးခေါင်းကို သေနတ်နဲ့ အနီးကပ်နှစ်ချက်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခံရပြီးမကြာခင် ဦးကိုနီသေဆုံးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အတည်ပြုပေးခဲ့သလို သေနတ်နဲ့ ပစ်ခတ်သူကိုပါ ဖမ်းဆီးထားတယ်လို့ သတင်းတွေ စကြားရပါတယ်။

အဲဒီနာက်မှာတော့ နေရာတွင်သေဆုံးကြောင်း အခြားသူ ၁ ဦးပါသေဆုံးကြောင်းကြားသိရပြီး လေဆိပ်က တက္ကစီမောင်းသူတွေက သေနတ်သမားကို ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြပြီး တက္ကစီသမားတစ်ဦး သေဆုံးတယ်လို့ ထပ်သိရပါတယ်။ အဲဒီအချိန်မှာ ဦးကိုနီသေဆုံးပုံတွေ အွန်လိုင်းပေါ် တက်လာတာ တွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေးဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နဲ့ မာလူကူပြည်နယ်တို့သို့ ဇန်နဝါရီ ၂၂ရက်မှ ၂၉ရက် အထိ ကျင်းပခဲ့သော Senior Leadership Programလေ့လာရေးခရီးသို့ သွားရောက်ပြီး စင်ကာပူလေကြောင်းလိုင်းနဲ့ ညနေ ၄ နာရီ မိနစ် ၄၀တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ် သေနတ်သမားတစ်ဦးက ဦးခေါင်းကို အနီးကပ်သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်း ဖြစ်ပါတယ်။

အသက် ၅၀ ခန့်ရှိ သေနတ်သမားမှ ဦးကိုနီအား ပစ်ခတ်ခဲ့ပြီး ပစ်ခတ်သူမှ ထွက်ပြေးစဉ် လေဆိပ်တက္ကစီမောင်းသူတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ရာတွင် ၎င်းမှ ထပ်မံပစ်ခတ်ခဲ့သဖြင့် တက်စီမောင်းသူ ဦးနေဝင်း သေဆုံးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုဥပဒေအဖွဲ့ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေလည်း ဖြစ်ပြီးပြန်ကြားရေးဝန်ကြီးဌာနရဲ့ အင်ဒိုနီးရှားခရီးစဉ်မှ ပြန်ရောက်လာတဲ့ ဦးကိုနီနှင့် ၈၈ မျိုးဆက်မှ ကိုမြအေးတို့ လေဆိပ်ဆိုက်ရောက်လာပြီး ကိုမြအေးမှ အိမ်ပြန်သွားခဲ့ကာ ဦးကိုနီမှ မိသားစုလာကြိုမည်ဖြစ်၍ စောင့်ဆိုင်းနေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်တယ်လို့ ၈၈ မျိုးဆက်မှ ကိုဂျင်မီကလည်း ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ၁၉၅၂ ခုနှစ်၊ အဖ ဦးစူလ်တန်၊ မိခင် ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာတို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင်   မွေးဖွားခဲ့သည်။ ကသာမြို့ အထက (၁) ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် LL.B ( ဥပဒေဘွဲ့) ကို ရရှိခဲ့သည်။

၁၉၇၅- ၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေအသင်းကြီး၏ ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် နည်းပညာဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် ထမ်းဆောင်ရင်း ဆရာကြီးဦးကိုယုထံတွင် အလုပ်သင်ရှေ့နေ၊ အမှုလိုက်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ကာ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ဇနီး ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦး ရှိပြီး သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင်၊ ဒေါက်တာအေးသီခိုင်၊ သားငယ် ကိုသန့်ဇင်ဦး (စင်ကာပူ) တို့ဖြစ်ပြီး အမှတ် ၁၈၀ (အပေါ်ဆုံးထပ်)၊ ၃၇ လမ်း(အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်ကာ ယနေ့ ကွယ်လွန်ချိန်တွင် အသက် ၆၃နှစ် ရှိပြီဖြစ်ပါတယ်။

ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရှေ့နေဦးကိုနီအား  သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့မှုမှာ   သေစေလိုသော ရည်ရွယ်ချက်ဖြင့် ကြိုတင်ကြံစည်မှုဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ယနေ့ညတွင် ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက်၏ ဦးဆောင်အဖွဲ့ဝင် ဦးရောဘတ်စန်းအောင်က “ ကျွန်တော်အပါအဝင်ရှေ့နေများကို တုန်လှုပ်ခြောက်ခြားစေလိမ့်မည်မဟုတ်ကြောင်း သတိပေးလိုက်သည်” ဟု ပြောထားခဲ့ပြီး သေနတ်ထုတ်ပေးသူ၊ စေခိုင်းသူ ၊ပူးပေါင်းကြံစည်သူများအား   ဖော်ထုတ်ပေးရန်တောင်းဆိုလိုက်ကြောင်း သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှု၌ တရားခံဝိုင်းဝန်းဖမ်းဆီးပေးရာတွင် အသက်ဆုံးရှုံးသွားခဲ့ရသည့် အငှားယာဉ်မောင်း ကိုနေဝင်း(ခ) ကိုဝင်းလွင်(အငှားယာဉ်မောင်း) တွင် ဇနီး မစုသက်ခိုင်နဲ့ သားများဖြစ်တဲ့ သားကြီး ဖုန်းမြတ်ကျော်(ဒုတိယတန်း)၊ သားလတ် လင်းလက်ကျော်(မူကြို)၊ သားငယ်(၄၅ ရက်သား ၊အမည်မပေးရသေး)တို့ ကျန်ရှိခဲ့ပါတယ်။

သားများအတွက် ပညာရေးရန်ပုံငွေ တစ်ရပ်ကို ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)က ဇန်နဝါရီ ၃၀ ရက်က ထူထောင်လိုက်ပြီး ပညာရေးဆုံးခန်းတိုင် သင်ကြားနိုင်ရန် ရည်ရွယ်ထားပါတယ်။

ဒီရန်ပုံငွေအတွက် လက်ရှိမှာတော့ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ငါးသိန်းကျပ် ၊ ကမ္ဘောဇအနာဂတ် အလင်းတန်းဖောင်ဒေးရှင်းမှ ကျပ်သိန်းတစ်ရာ ၊ Sky Net ရုပ်သံ မှ ကျပ်သိန်းတစ်ရာ၊ ကျား မသန်းဌေး မိသားစုမှ ကျပ်ဆယ်သိန်း လှူဒါန်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ထပ်မံလှူဒါန်းလိုသူတွေအနေနဲ့ ကမ္ဘောဇ(KBZ)ဘဏ်၊ ရွှေဘုံသာဘဏ်ခွဲ(၁) စာရင်းနံပါတ် (04030100401548401) သို့ ထည့်ဝင်လှူဒါန်းနိုင်ပါတယ်လို့  ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) က ကြေညာထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ဈာပနအခမ်းအနားကိုတော့ ရန်ကုန်မြို့၊ ရေဝေးသုဿန်ရှိ ကာဗရ်စတာန်ဥယျာဉ်တွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက်၊ ညနေ ၄ နာရီတွင် ပြုလုပ်ခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ့ဦးရောဘတ်စန်းအောင်ကတော့ အခုလိုပဲ ပြောသွားပါတော့တယ်။

“ အခုဟာက ပြောမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးပြန်လည် ပျက်ပြားသွားတယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ အင်မတန်မှ စိတ်မကောင်းစရာကောင်းတဲ့ ရင်နာစရာပဲ။ အခုဗျာ သတင်းထောက်က ကိုပါကြီးရယ် ၊ကိုစိုးမိုးထွန်းရယ်။ ပြီးတော့ ကချင်ဆရာမနှစ်ယောက် ၊ နောက်တစ်ခါကျောင်းဆရာ၊ ပြီးတော့ ရှေ့နေ ၊ နောက်တစ်ခေါက်ကျရင် တရားသူကြီးပါမှာတောင်မှ ကျွန်တော်စိုးရိမ်နေတယ်။ အဲဒါပါပဲဗျာ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly