လူသတ်ဝါဒ ကျဆုံးပါစေ

လူသတ်ဝါဒ ကျဆုံးပါစေ
ဦးကိုနီ ရုပ်ကလာပ်ကို မိသားစုဝင်များ နှင့် ဦးကိုနီကို လေးစားသူများက လာရောက် ဂါရဝပြုစဉ်။ (ဓာတ်ပုံ- သူရ၊မဇ္ဈိမ)

                       လူသတ်ဝါဒ ကျဆုံးပါစေ

                       လူသတ်ဝါဒ ကျဆုံးပါစေ

                       လူသတ်ဝါဒ ကျဆုံးပါစေ

မောင်မှန့် စိတ်ထဲ အထက်က စကားလုံးတွေကလွဲလို့ ဘာမှရေးချင်စိတ်မရှိတော့တာ အမှန်ပါ။ ၂၉. ၁.၁၇ နေ့ ညနေပိုင်း ရန်ကုန်လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ NLD က ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ မောင်မှန်တို့ ပြည်သူတွေကို အတော် ထိတ်လန့် တုန်လှုပ်စေခဲ့ပါတယ်။ ဦးကိုနီတင်မက လူသတ်သမားကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းပါ သေနတ်သမား လက်ချက်နဲ့ အသက် ပေးသွားခဲ့ ရပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လိုနေရာမှာ လူတစ်ယောက်ကို အခုလိုလွယ်လွယ်ကူကူ သတ်ဖြတ်လို့ ရတယ်ဆိုတာ ချောက်ခြားစရာပါ။ မြေးကလေးကို ချီပိုးထားတဲ့ ဦးကိုနီကို သေနတ်သမား ပစ်ခါနီးပုံကို သတင်းဓာတ်ပုံအဖြစ် မြင်လိုက်ရပါတယ်။ လူအများကြီး ကြားထဲမှာ လုပ်ကြံခံလိုက်ရတာပါ။ သွေးအေးအေးနဲ့ သတ်သွားတာပါ။ စနစ်တကျ ကြိုတင်ပြင်ဆင်ထားပုံလည်း ရပါတယ်။ တရားဥပဒေ စိုးမိုးရေး၊ တရားဥပဒေ စိုးမိုးရေး လို့ တကြော်ကြော် အော်ဟစ်နေတဲ့ ကြားထဲကပဲ တရားဥပဒေသမားတစ်ယောက် လူပုံ လယ်မှာ သတ်ဖြတ်ခံလိုက်ရပါပြီ။

ဒီနေရာမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍကို ဖော်ပြလိုပါတယ်။ လူသတ်သမားကို ဖမ်းဖို့ ကြိုးစားတဲ့ အငှားယာဉ်မောင်း ဦးနေဝင်းဟာ သာမန်ပြည်သူတစ်ယောက်ပါ။ သူ့မျက်စိရှေ့မှာဖြစ်နေတဲ့ မတရားမှုကို နိုင်ငံ့ သားကောင်းပီသစွာ တားဆီးဖို့ ကြိုးစားရင်း ကွယ်လွန်သွားတာပါ။ ပြည်သူတွေဆိုတာ တရားမဲ့မှုတွေကို ဘယ်တော့မှ လက်ပိုက်ကြည့်မနေပါဘူး။ တတ်နိုင်တဲ့ နည်းနဲ့ ဝင်ရောက်ကူညီ ဖြေရှင်းကြတာပါပဲ။

တလော လေးက မြို့ထဲမှာ ဖြစ်သွားတဲ့ ငွေလဲကောင်တာ အနုကြမ်းစီးခံရမှု အပေါ် အာဏာပိုင်တစ်ယောက်က ပြည်သူ တွေ ဝိုင်းမဖမ်းလို့ တရားခံလွတ်သွားတာ၊ ပြည်သူတွေမှာလည်း တာဝန်ရှိတယ်ဆိုတဲ့သဘော ပြောသွား ပါတယ်။ အခု ဦးနေဝင်းက ဒီစကားကို အသက်ပေးပြီး ချေဖျက်သွားပါပြီ။ လူသတ်သမားကို ပြည်သူက အသေ ခံ ဟန့်တားဖမ်းဆီးခဲ့ပါပြီခင်ဗျာ။

သိုးဆောင်း စကားပုံတစ်ခု ရှိပါတယ်။ လူသတ်မှုတစ်ခုမှာ သေနတ်မောင်းဖြုတ်တဲ့သူသာ တာဝန်ရှိတာ မဟုတ်ဘူးတဲ့။ မောင်းဖြုတ်တာကို ဒီအတိုင်း ထိုင်ကြည့်နေတဲ့ သူလည်း တာဝန်ရှိတယ်တဲ့။ ကောင်းလိုက်တဲ့ စကား။ ပြည်သူ့ သားကောင်း ဦးနေဝင်းကတော့ မောင်းဖြုတ်တာကို ဒီအတိုင်း ကြည့်မနေခဲ့ပါဘူး။ ဒီတော့ သူ့မှာ ဘာတာဝန်မှမရှိပါဘူး။ ဒီတော့ သူဟာ ကောင်းရာမွန်ရာ ရောက်မှာ သေချာပါတယ်။ မောင်မှန်က ဦး နေဝင်းကို ဦးညွှတ် ဂုဏ်ပြုလိုက်ပါရဲ့ ခင်ဗျာ။

ဦးကိုနီအကြောင်း ဆက်ရအောင်ပါ။ ဦးကိုနီဟာ NLD ပါတီရဲ့ ဥပဒေ ပညာရှင်၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်လိုသူ၊ စာရေးဆရာ၊ အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ဆန့်ကျင်တိုက်ခိုက်သူတွေ၊ အမုန်းစကားဖြန့်ဖြူးသူတွက ဦးကိုနီကိုပစ်မှတ်ထား တိုက်ခိုက်လာခဲ့ကြတာ အများသိပြီးဖြစ်ပါတယ်။ ခြိမ်းခြောက် ဟိန်းဟောက်တာတွေလည်း အတော်များများ ခံခဲ့ရရှာပါတယ်။ ဒါပေမဲ့ မဆုတ်မနစ် သူ့အလုပ်သူ ဆက်လုပ်ပါတယ်။ ဒါကြောင့်ပဲ ဒီလိုကံကြမ္မာဆိုးမျိုးနဲ့ ရင်ဆိုင်သွားရဟန်ရှိပါတယ်။ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားမျိုးတွေ ရှိသလဲဆိုတာ ပြည်သူတွေ စောင့်ကြည့်ကြရမှာပါ။ နိုင်ငံရေးသမားကို လုပ်ကြံမှုရဲ့ အကြောင်းခံဟာ နိုင်ငံရေးပဲ ဖြစ်လိမ့်မယ်လို့ ယေဘုယျ အားဖြင့် ပြောလို့ရမယ်တော့ ထင်ပါတယ်။

NLD အတွင်းရေးမှုး အဖွဲ့ဝင် ဦးဝင်းထိန်က ဦးကိုနီနဲ့ ပတ်သတ်လို့ အခုလို မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။ “လွှတ်တော် ကိုယ်စားလှယ်တွေကို ဥပဒေနဲ့ ပတ်သက်ပြီး သင်တန်းတွေပေးတဲ့အခါမှာ အသင်အပြလည်းကောင်းတယ်၊ အပြောအဆိုလည်း ရှင်းတယ်၊ အယူအဆလဲ ရှင်းတယ်။ သူ့ရဲ့ ထူးခြားချက်က ကျနော်တို့ ရည်မှန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အချက်ကို အမြဲတမ်း ဦးစား ပေးပြီးတော့ ပြောတဲ့အတွက်ကြောင့် နိုင်ငံရေး ဝေါဟာရ အရ ပြောရမယ်ဆိုရင် သူဟာ Hard Liner ပေါ့။״ တဲ့။ ဦးကိုနီဟာ Hard Liner တဲ့။ ဟုတ်ပါတယ်။ ဦးကိုနီဟာ ပြည်သူ့ဘက်က Hard Liner တစ်ယောက်ပါ။ ပြည်သူ တွေ မလိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ရေးလိုသူပါ။ အဲ့ဒါကြောင့်များ အခုလို ဖြစ် ရလေသလားလို့ စဉ်းစားစရာ ရှိပါတယ်။ ဦးဝင်းထိန်က ဆက်လက်ပြီး “သူမရှိတော့တဲ့ အတွက်ကြောင့်မို့ ရည်မှန်းချက် (ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး) ကတော့ ထိပါးမယ်လို့ လုံးဝမဖြစ်နိုင်ဘူး״ လို့ ပြောတဲ့အတွက် မောင်မှန်တို့ ပြည်သူတွေ အားတက်ရပါတယ်။

ဦးကိုနီကို ပစ်လိုက်တဲ့သေနတ်ဟာ တစ်မျိုးသားလုံးကိုပစ်လိုက်တာပါ။ ဒီမိုကရေစီကို ပစ်လိုက်တာပါ။ လူ့အခွင့်အရေးကို ပစ်လိုက်တာပါ။ တစ်ပြည်လုံးကို လှုပ်နှိုးလိုက်တဲ့ သေနတ်သံ ဆိုရင်လည်း မမှားပါဘူး ခင်ဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံ ဆန့်ကျင်သူ နိုင်ငံရေးသမားတစ်ယောက်နဲ့ ပြည်သူပီသတဲ့ ပြည်သူ တစ်ယောက်တို့ရဲ့ ဝိဉာဉ်တော်တွေဟာ ပိတ်နေတဲ့ မျက်လုံးတွေ၊ မကြားနိုင်တဲ့ နားတွေ၊ မဟနိုင်တဲ့ ပါးစပ်တွေကို အသက်ဝင်စေခဲ့ ပါပြီ။

စာရေးဆရာ ဂျွန်ဒွန်း ရဲ့ For whom the bell door (ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ) ဆိုတဲ့ ဝတ္ထု တစ်ပုဒ် ရှိပါတယ်။ လူတစ်ယောက်ကွယ်လွန်လို့ ဘုရားကျောင်းက ထိုးလိုက်တဲ့ ခေါင်းလောင်းသံဟာ လူတိုင်း အတွက်ပဲ၊ လူတိုင်းနဲ့ ဆိုင်တယ်လို့ ရေးခဲ့တာပါ။ အခုလည်း ဦးကိုနီတို့ နှစ်ယောက်ကို ပစ်တဲ့ သေနတ်သံဟာ အဲဒီအတိုင်းပါ။ လူတိုင်းနဲ့ ဆိုင်ပါတယ်။ လူတိုင်းက တုံ့ပြန်မှု ပေးကြဖို့ လိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရပြီးတဲ့အခါ ချက်ချင်းဆိုသလိုပဲ တရားခံ ဂဠုန်ဦးစောနဲ့ အပေါင်းပါ တွေကို ဖမ်းဆီးစစ်ဆေး အပြစ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးစောနဲ့ အပေါင်းပါတွေဟာ အဓိက တရားခံတွေ မဟုတ်ကြပါဘူူး၊ လက်ကိုင်တုတ် လက်ပါးစေတွေမျှသာပါ။ တကယ့် တရားခံအစစ်တွေက နယ်ချဲ့တွေနဲ့ နယ်ချဲ့စနစ်ပါ။ သူတို့ကိုတော့ မြန်မာပြည်သူတွေ (သိသိကြီးနဲ့) ဒီနေ့အထိ ဘယ်လိုမှ အရေးမယူနိုင်ခဲ့ပါဘူး။ အခုလည်း ဒါမျိုးဖြစ်မှာ စိုးရပါတယ်။ တရားခံ အစစ်ကို အမြန်ဆုံး ဖော်ထုတ်နိုင်ပါစေ။ တရားဥပဒေအတိုင်း စီရင်နိုင်ပါစေ။ ဦးကိုနီနဲ့ ဦးနေဝင်း သုဂတိလားပါစေ။ လူသတ်ဝါဒ ကျဆုံးပါစေ၊ လူသတ်ဝါဒ ကျဆုံးပါစေ၊ လူသတ်ဝါဒ ကျဆုံးပါစေ။   

 မောင်မှန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly