အမေရိကန်သံရုံးမှ တာဝန်ရှိသူများ ကချင်နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ

အမေရိကန်သံရုံးမှ တာဝန်ရှိသူများ ကချင်နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ

ချင်းမိုင်၊  ဇူလိုင် ၂၃ ။     ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ နိုင်ငံရေးနှင့် စီးပွားရေးဌာန ဒုတိယ အတွင်းဝန် ခရစ်တိုဖာမိုမန် ဦးဆောင်သော အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှိနိုင်ငံရေးပါတီများ မှခေါင်းဆောင်များနှင့် တွေ့ဆုံပြီး လာမည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ လာရောက်မေးမြန်းမှု များပြုလုပ်ခဲ့သည် ဟုနိုင်ငံရေး ပါတီခေါင်းဆောင်များ ကပြောသည်။

ဇူလိုင်  ၂၂ ရက်ညနေပိုင်းက ကချင်ပြည်နယ်သို့ လာရောက်၍ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ အပါအဝင်လေးပါတီ မှခေါင်းဆောင်များနှင့် တွေ့ဆုံ၍ လာမည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍  မေးမြန်းခဲ့သလို၊ စစ်ပြေး ဒုက္ခသည်စခန်းများသို့ သွားရောက်၍ လက်ရှိ အခြေအနေများသွားရောက် လေ့လာခဲ့သည်ဟု ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီခေါင်းဆောင်ဒေါက်တာ တူးဂျာကပြောသည်။

၎င်းက “သူတို့က ရွေးကောက်ပွဲကိစ္စမေးတာက ကျွန်တော်တို့ ပါတီ အသီးသီး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာတွေပြင်ဆင်နေ ပြီလဲ။ ဘာတွေလုပ်ဆောင်နေကြသလိုဆိုတာ မေးတယ်။ ကျွန်တော်တို့လည်း ပြောပြတယ်။ ရွေးကောက်ပွဲ လည်း နီးကပ်လာပြီဖြစ်လို့ မဲအောင်နိုင်ရေး လုပ်နေပါတယ်။ နယ်ကိုသွားပြီး စည်းရုံးရေးဆင်းတယ်။ ပါတီအကြောင်းတွေ ရှင်းပြတယ်”ဟုပြောသည်။

ထို့ပြင် ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင် အစိုးရ တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည်လည်း လက်ရှိ ရန်ကုန်မြို့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးနေမှုအပေါ် မူတည်သည်ဟု ရှင်းပြခဲ့သည်ဟု လည်းဒေါက်တာတူးဂျာ ကပြောသည်။

၎င်းက “တိုက်ပွဲဖြစ်နေတာတွေလည်း ပြောပြတယ်။ သူလည်း ကြားသိထားတာတွေရှိတယ်။ အခု ရန်ကုန်မှာဆွေးနွေး ပွဲအောင်မြင်သွားရင် စစ်ပွဲတွေ ရပ်သွားနိုင်မယ်။ ဆွေးနွေးပွဲအပေါ်မှာ မူတည်ပါတယ်လို့။

လာမဲ့ ရွေးကောက်ပွဲ ကောင်းကောင်းမွန်မွန် ကျင်းပနိုင်ရေး မကျင်းပနိုင်ရေးဟာလည်း ရန်ကုန်မှာ ဆွေးနွေးပွဲ ရလဒ်အပေါ်မှာ အများကြီးမူတည်ဆိုတဲ့အကြောင်းလည်း ပြောပြပါတယ်”ဟု ပြောသည်။  

ကချင်ပြည်နယ် ဒီမိုကရေစီပါတီအနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၆၆ နေရာတွင် ပြည်သူ့ လွှတ်တော်အတွက် ၁၈ နေရာ၊ ပြည်နယ်လွတ်တော်အတွက် ၃၆ နေရာနှင့် အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသော်လည်း လက်ရှိ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် ၅၀ ကျော်သာ ရှိနေသေးသည်ဟု  ၎င်းက ပြောသည်။

အမေရိကန် ကိုယ်စားလှယ်များက လာမည့် ရွေးကောက်ပွဲအပေါ် ကချင်ပြည်နယ်သူ ပြည်နယ်သားများအနေဖြင့် ယုံကြည်မှုရှိမရှိ လူထု၏ သဘောထားကို လာရောက်မေးမြန်းခဲ့သလို၊ လက်ရှိ ကချင်ပြည်နယ်အတွင်း နိုင်ငံရေး အခြေအနေများကို လာရောက်လေ့လာခြင်းဖြစ်ပြီး ကချင်စစ်ပြေး ဒုက္ခသည်များကိုလည်း သွားရောက်တွေ့ဆုံခဲ့သည်ဟု ကချင်အမျိုးသမီး အဖွဲ့အစည်း (KWA)၏ တာဝန်ခံ ဒေါ်ဂျာဆိုင်းခေါန်က ပြောသည်။

 အမေရိကန်ကိုယ်စားလှယ်များသည် ဇူလိုင်လ ၂၁ ရက်ကလည်း ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့ အစည်းခေါင်းဆောင်များနှင့် လည်းတွေ့ဆုံဆွေးနွေးခဲ့ကာ လက်ရှိ ရွေးကောက်ပွဲ ဆိုင်ရာကိစ္စများကို မေးမြန်းခဲ့သည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

၎င်းက  “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစိုးရက ဘာလုပ်တယ်ဆိုတာကို အစကတည်းက အစိုးရအပေါ်မှာ ထင်တာ မြင်သာ မရှိတော့ လောလောဆယ် လူထုက အဆိုးမြင်နေတာလေ။ အစိုးရက ဘာဘဲ လုပ်လုပ် ကောင်းမှာ မဟုတ်ဘူး ဆိုတဲ့ဟာမျိုး opposite view တွေ ရှိနေတာရယ်။ နောက် ဘာဘဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲ ဆိုင်ရာမှာ ပြည်သူလူထု ပါဝင်ရမယ်ဆိုတဲ့ အနေ အထားတွေ သူတို့ မသိနိုင်တဲ့အခါကြတော့ ဒါက အရေးကြီးတယ် ဆိုတဲ့အကြောင်း ဒါများများဖြန့်ဝေပြောပြဖို့လိုတဲ့ အကြောင်းတွေ ပြောပြတယ်”ဟု  ပြောသည်။  

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဟုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကကြေညာထား ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly