အကြမ်းဖက်လုပ်ကြံခြင်းဖြင့် မည်သည့်အရာမျှ မအောင်မြင်ရာ

အကြမ်းဖက်လုပ်ကြံခြင်းဖြင့် မည်သည့်အရာမျှ မအောင်မြင်ရာ

ဒီကနေ့မနက်ခင်းမှာတော့ အကြမ်းဖက်သမားတစ်ဦးရဲ့ လုပ်ကြံသတ်ဖြတ်ခံရသူ ရှေ့နေကြီး ဦးကိုနီရဲ့သတင်းက တနိုင်ငံလုံးကို တုန်လှုပ်ခြောက်နေစေပါတော့တယ်။ မနေ့ညနေပိုင်း ၅ နာရီဝန်းကျင်က နိုင်ငံကျော် ရှေ့နေကြီး ဦးကိုနီကို မသမာသူ လူသတ်သမားတစ်ဦးက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် လုပ်ကြံလိုက်ပါတယ်။

ဦးကိုနီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝထောက်ခံသူလည်းဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ ဥပဒေရေးရာကိစ္စများကို သူမတူအောင် အားကြိုးမာန်တက် ထက်မြက်စွာ ကူညီဆောင်ရွက်ပေးခဲ့သူ ကမ္ဘာကျော် ရှေ့နေကြီးတစ်ဦးဖြစ်ပါတယ်။ ဦးကိုနီရဲ့ ဥပဒေရေးရာ ဆောင်ရွက်ချက်များဟာ မိမိတို့နိုင်ငံ ပြုပြင်ပြောင်းလဲရေးကာလ ဥပဒေရေးရာ အကြပ်အတည်းများကို အောင်မြင်စွာ ထိုးဖေါက်ဖြေရှင်းသွားနိုင်ရေးအတွက် အဓိကဆောင်ရွက်ချက်များဖြစ်ခဲ့တယ်ဆိုတာကိုလည်း ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါကြောင့်မို့လည်း ဦးကိုနီဟာ ဒီမိုကရေစီအသိုင်းအဝိုင်းနဲ့ ဒီမိုကရေစီလိုလားငတ်မွတ်သူ ပြည်သူတွေကြားမှာ ကြည်ညိုလေးစားခံရသူတစ်ဦးဖြစ်ခဲ့ပါတယ်။

ဦးကိုနီဟာ တရားဥပဒေသမားပီပီ ဥပဒေရေးရာကိစ္စများကို ပြောဆိုတဲ့အခါ တိကျရှင်းလင်းစွာ ပြောဆိုနိုင်သူဖြစ်ပါတယ်။ စကားကို အပိုအလိုမရှိ ပြောသူလည်းဖြစ်ပါတယ်။ တိုင်းပြည်အကျိုး ပြည်သူလူထုအကျိုးအတွက် ဥပဒေရေးရာပြဿနာများကို တက်ကြွလျင်မြန်စွာ ထောက်ပြဖြေရှင်းဖို့ အမြဲအသင့်ရှိနေသူဖြစ်ပါတယ်။ ဒီလိုရပ်တည်မှု ဒီလိုတက်ကြွမှုနဲ့ ဒီလို ထက်မြက်မှုတွေကြောင့်လည်းပဲ ဒီမိုကရေစီလိုလားသူပြည်သူတွေက ဦးကိုနီကို စိတ်ဝင်စားကြ လေးစားကြတာ ဖြစ်ပါတယ်။

အခုတော့ ဦးကိုနီဟာ မသမာသူတစ်ဦးရဲ့လုပ်ကြံသတ်ဖြတ်မှု ခံလိုက်ရပါပြီ။ ပြည်သူတွေရဲ့အကျိုးကို ကာကွယ်ဖို့ရန်ဝန်မလေးသူ၊ ပြည်သူတို့အကျိုး ဆောင်ရွက်ဖို့ရန် အဆင်သင့်ြ့ဖစ်နေသူ ဦးကိုနီလို ပုဂ္ဂိုလ်မျိုးကို မည်သည့်အတွက်ကြောင့် လုပ်ကြံသတ်ဖြတ်လိုက်ကြပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။ လုပ်ကြံသတ်ဖြတ်ရေးသမားများ၊ အကြမ်းဖက်သမားများသည်ကား ဒီမိုကရေစီမလိုလားသူများ၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးကို ဖျက်လိုဖျက်ဆီး လုပ်လိုသူများမှအပ အခြား မဖြစ်နိုင်ပါချေ။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရောက်ရှိရေး ကြိုးပမ်းကြရသည့် ကမ္ဘာ့နိုင်ငံတချို့ရဲ့ အတွေ့အကြုံများထဲတွင် မိမိတို့နိုင်ငံရဲ့ ယခုလိုအဖြစ်အပျက်မျိုးတွေ အနည်းနှင့်အများ ကြုံကြရ ဖြတ်သန်းကြရတတ်ပါတယ်။  ဒါကို ပြုပြင်ပြောင်းလဲရေး ပွတ်တိုက်မှုများလို့တင်စားပြောဆိုလို့ ရမယ်ထင်ပါတယ်။ ဒီလို ပွတ်တိုက်မှုတွေထဲမှာ စနစ်သစ်ကို မလိုလားကြသူတွေရဲ့ အဟန့်အတား အနှောက်အယှက် အမျိုးမျိုးကိုလည်း အနည်းနဲ့အများ ကြုံကြရလေ့ရှိပါတယ်။ ဒါကတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ကြရတဲ့ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ အစရှိတဲ့ နိုင်ငံတွေရဲ့ ပြုပြင်ပြောင်းလဲရေးကာလ ပွတ်တိုက်မှုများကိုလေ့လာရင် အထင်ရှားဆုံးတွေ့နိုင်ကြမှာပါပဲ။

ဒါပေမယ့် ဒီလိုပွတ်တိုက်မှုတွေ၊ အနှောက်အယှက် အဟန့်အတားတွေ ရှိပင် ရှိသော်ငြားလည်းပဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သမိုင်းဘီးကြီးက ရပ်တန့်သွားရိုး၊ နောက်ပြန်ဆုတ်သွားရိုး မရှိဘူးဆိုတာကိုလည်း တွေ့ကြရပါတယ်။ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ပြီးမှ လိုရာဆန္ဒပြည့်ဝအောင် လုပ်ခြင်းဟာ ဘယ်တော့မှ အောင်မြင်စရာ မရှိကြောင်းကို လုပ်ကြံသူများအနေနဲ့လည်း ကမ္ဘာ့သမိုင်းကြောင်းအသီးသီးကို သတိပြုမိပြီး သံဝေဂ ရစေချင်ပါတယ်။

အခုလည်း ဦးကိုနီကို လုပ်ကြံသတ်ဖြတ်လိုက်လို့ မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးက ပျက်စီးသွားစရာအကြောင်း မရှိပါဘူး။ ဒီလိုလုပ်တဲ့အတွက် အရှုံးထဲက အမြတ်တစ်ခုက ပြည်သူတွေဟာ ပိုမိုနိုးကြားလာကြပြီး ယခင်ကထက် ပိုမိုတက်ကြွ သတိကြီးစွာထားပြီးမှ ပြုပြင်ပြောင်းလဲရေးသမိုင်းဘီးကြီးကို ဝိုင်းတွန်းလာကြမယ့် အကျိုးအမြတ်ပဲဖြစ်ပါတယ်။

ကွယ်လွန်သူ ဦးကိုနီရဲ့ကျန်ရစ်သူ မိသားစု၊ တဖန် ဦးကိုနီကိုလုပ်ကြံသတ်ဖြတ်သူ အကြမ်းဖက်လုပ်ကြံရေးသမားကို ဖမ်းဆီးရမိနိုင်ရေး အသက်စွန့်သွားခဲ့ရသူ တက္ကစီဆရာ ဦးနေဝင်း ရဲ့မိသားစုများနဲ့ထပ်တူ မဇ္ဈိမကလည်း ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်များအနေနဲ့လည်း ခံစားမှုကိုရှေ့တန်းမတင်ဘဲ တည်ငြိမ်မှန်ကန်စွာ ဥပဒေအရသာ တုန့်ပြန် ဆောင်ရွက်သွားကြဖို့ မဇ္ဈိမက အလေးအနက်ထား အကြံပြုတိုက်တွန်းလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly