ချယ်လ်ဆီးနှင့်ပွဲတွင် အသုံးပြုနိုင်ရန် မာနေးကို ကိုယ်ပိုင်လေယာဉ်ဖြင့် လီဗာပူးလ်အသင်း ပြန်လည်ခေါ်ယူ

ချယ်လ်ဆီးနှင့်ပွဲတွင် အသုံးပြုနိုင်ရန် မာနေးကို ကိုယ်ပိုင်လေယာဉ်ဖြင့် လီဗာပူးလ်အသင်း ပြန်လည်ခေါ်ယူ

ဇန်နဝါရီ ၃၀၊ အင်္ဂလန် ။            ။ လီဗာပူးလ်အသင်းသည် အာဖရိကဖလားပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်နေသည့် မာနေးကို ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်ခဲ့သည်။

ဆီနီဂေါအသင်း အာဖရိကဖလား ကွာတားဖိုင်နယ်မှ ထွက်ခွာခဲ့ရပြီးနောက် လီဗာပူးလ်အသင်းမှာ အချိန်ဆိုင်းနေခြင်းမရှိဘဲ မာနေးကို ဂါဘွန်နိုင်ငံမှ သွားရောက်ခေါ်ယူရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ မာနေးသည် အာဖရိကဖလားပြိုင်ပွဲတွင် ဆီနီဂေါအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း ကင်မ ရွန်းနှင့်ကစားခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာ၌ အဓိကပင်နယ်တီကို လွဲချော်ခဲ့ရသည်။

လီဗာပူးလ်အသင်းသည် ၎င်းတို့၏ကစားသမားတစ်ဦးကို ကိုယ်ပိုင်လေယာဉ်ဖြင့် သွားရောက်ခေါ်ယူခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ယခင်က ဆွာရက်ဇ်ကိုလည်း ကိုယ်ပိုင်လေယာဉ်ဖြင့် တောင်အမေရိကမှ သွားရောက်ခေါ်ယူခဲ့ဖူးသည်။ ထိုကဲ့သို့ ခေါ်ယူခဲ့ရာ ဆွာရက်ဇ်မှာ မာဆေးဆိုဒ်ဒါဘီတွင် လီဗာပူးလ်အတွက် ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

လီဗာပူးလ်အသင်းသည် လာမည့်ချယ်လ်ဆီးနှင့် အရေးကြီးပွဲစဉ်အတွက် မာနေးကို အသုံးပြုနိုင်ရန် ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်သည်။ မာနေးမပါဝင်နိုင်သည့်ပွဲစဉ်များတွင် လီဗာပူးလ်အသင်းမှာ နိုင်ပွဲ(၁)ပွဲသာရရှိခဲ့ပြီး အက်ဖ်အေဖလားနှင့် လိဂ်ဖလားပြိုင်ပွဲများမှ ထွက်ခွာခဲ့ရသည်။

ရည်ညွှန်း - ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags