ရှေ့နေဦးကိုနီအား သေနတ်ဖြင့်ပစ်ခတ်မှုမှာ ကြိုတင်ကြံစည်မှု ဖြစ်ကြောင်း ဦးရောဘတ်စန်းအောင် ပြော

ရှေ့နေဦးကိုနီအား သေနတ်ဖြင့်ပစ်ခတ်မှုမှာ ကြိုတင်ကြံစည်မှု ဖြစ်ကြောင်း ဦးရောဘတ်စန်းအောင် ပြော
ဓာတ်ပုံ-ရောဘတ်စန်းအောင် ဖေ့ဘုတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ။              ။ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရှေ့နေဦးကိုနီအား  သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့မှုမှာ   သေစေလိုသော ရည်ရွယ်ချက်ဖြင့် ကြိုတင်ကြံစည်မှုဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ယနေ့ညတွင် ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက်၏ ဦးဆောင်အဖွဲ့ဝင် ဦးရောဘတ်စန်းအောင်က ယခုလုပ်ရပ်သည်  လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက်သာမက   တရားဥပဒေစိုးမိုးရေးအတွက်   ဆောင်ရွက်နေသော ရှေ့နေများကို တုန်လှုပ်ခြောက်ခြားစေလိမ့်မည်မဟုတ်ကြောင်း၊ မိမိအနေဖြင့် တောင်းဆိုလိုသည်မှာ သေနတ်ထုတ်ပေးသူ ၊ စေခိုင်းသူ ၊ပူးပေါင်းကြံစည်သူအစရှိသည်ဖြင့် ကွင်းဆက်တရားခံများအားလုံးကို ဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ်အရေးယူပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများအား တောင်းဆိုကြောင်း သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

“ ကျွန်တော်အပါအဝင်ရှေ့နေများကို တုန်လှုပ်ခြောက်ခြားစေလိမ့်မည်မဟုတ်ကြောင်း သတိပေးလိုက်သည်” ဟု ပြောထားခဲ့ပြီး သေနတ်ထုတ်ပေးသူ၊ စေခိုင်းသူ ၊ပူးပေါင်းကြံစည်သူများအား   ဖော်ထုတ်ပေးရန်တောင်းဆိုလိုက်ကြောင်း ပါရှိသည်။

ယနေ့ နေ့လည် ၃နာရီ ၁၅ နာရီ စင်္ကာပူလေကြောင်းလိုင်းနဲ့ ရန်ကုန် ပြန်သွားတဲ့ ဦးကိုနီအား ညနေ ၅ နာရီခန့်တွင် ရန်ကုန်လေဆိပ်၌ သေနတ်နဲ့ လုပ်ကြံခံရကြောင်း ဦးရောဘတ်စန်းအောင်က မဇ္ဈိမသို့ အတည်ပြုသည်။ ပစ်ခတ်သူအားလည်း သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly