ရှေးဟောင်းကားပြပွဲတွင် နှစ် ၁၀၀ကျော်သက်တမ်းရှိ ကားဟောင်းများ ပါ၀င်ပြသခဲ့

ရှေးဟောင်းကားပြပွဲတွင် နှစ် ၁၀၀ကျော်သက်တမ်းရှိ ကားဟောင်းများ ပါ၀င်ပြသခဲ့
ဓာတ်ပုံ - သက်ကို

ရန်ကုန်မြို့ ပြည်သ့ူရင်ပြင်တွင်ပြုလုပ်နေသည့် ရန်ကုန်အမွေနှစ်ရှေးဟောင်းကားပြပွဲတွင် နှစ် ၁၀၀ကျော်သက်တမ်းရှိ ကားဟောင်းများ ပါဝင်ပြသခဲ့ပြီး ဇန်နဝါရီလ ၂၈ ရက်မှ ၂၉ ရက်အထိ   နှစ်ရက်ကြာကျင်းပပြုလုပ်နေခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက်တွင်မော်လ်ဒယ်အစုံပါဝင်သည့်ကားဟောင်း ၃၆ စီးနှင့် ဆိုင်ကယ်အဟောင်း ၆ စီး ပြသထားသည်ကိုတွေ့ရပြီး ဗိုလ်အုန်းသီးစက်ဘီးကဲ့သို့ လက်ရှိအချိန်တွင် ဈေးကွက်အတွင်း မမြင်တွေ့ရတော့သည့် ကလေးစီးသုံးဘီးစက်ဘီးများကိုလည်း ပြသထားသည်။

ကားပြပွဲတွင်ပါဝင်ပြသသူတစ်ဦးက ပြပွဲတွင်ပါဝင်တဲ့ရည်ရွယ်ချက်ကိုပြောခဲ့ပြီး ရှေးဟောင်းကားများအား လိုင်စင်ချပေးစေလိုကြောင်း ပြောခဲ့သည်။

 “နိုင်ငံတကာမှာလည်း ကားဟောင်းချစ်တဲ့သူတွေ အများကြီးရှိသလို ကျွန်တော်တို့နိုင်ငံမှာလည်း ရှိတယ်ဆိုတာကို ပြတဲ့သဘောပါ။ နောက်တစ်ခုက ကျွန်တော်တို့အဖေတွေခေတ်တုန်းက ကားဟောင်းတွေ ပြန်ပြင်လို့ရရင်လည်း နိုင်ငံတကာလို လိုင်စင်ချပေးစေချင်ပါတယ်”ဟု ကားပိုင်ရှင်တစ်ဦးဖြစ်သည့် ကိုထွန်းထွန်းလင်းပင်က ပြောသည်။

ယင်းပြပွဲကို ဝင်ကြေး ၁၀၀၀ သတ်မှတ်ထားပြီးရန်ကုန်မြို့ရှိ ကားဝါသနာရှင်များနှင့် ဆိုင်ကယ်ဝါသနာရှင် အများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်။

လာရောက်လေ့လာသူတစ်ဦးဖြစ်သည့် ကိုရဲဝင်းထွန်းက” ဒီလိုပွဲမျိုးကို အားလုံး လာရောက် ကြည့်ရှုစေချင်တဲ့ အတွက် ဝင်ကြေး ၁၀၀၀ က မများပေမယ့် အားလုံးကြည့်နိုင်ဖို့ အခမဲ့ဖြစ်အောင် လုပ်ပေးဖို့ အကြံပြုလိုပါတယ်” ဟု ပြောသည်။

ယခုကားပြပွဲကို Myanmar Classic Car Club မှ ဦးစီး ပြသခဲ့ခြင်းဖြစ်ပြီး၂၀၁၅ခုနှစ် ကလည်း ရှေးဟောင်းကားပြပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly