ညပိုင်း ည ရ နာရီမှ ၁၀ နာရီအထိ အရံဘတ်စ်ကားများဖြင့် ပြေးဆွဲပေးနေ

ညပိုင်း ည ရ နာရီမှ ၁၀ နာရီအထိ အရံဘတ်စ်ကားများဖြင့် ပြေးဆွဲပေးနေ
ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

ရန်ကုန်၊ ဇန်နဝါရီလ ၂၈ ။               ။ ရန်ကုန်မြို့တွင်း ညပိုင်း ဘတ်စ်ကားအခက်အခဲကြောင့် ဇန်နဝါရီလ ၂၆ ရက်မှ စတင်ကာ ညပိုင်း ၁ဝ နာရီအထိ ပါဝင်ပြေးဆွဲပေးနေကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး (YUPT) ကုမ္ပဏီ အတွင်းရေးမှူး ဦးမောင်မောင်လွင်က ပြောသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့က မြေနီကုန်းဂုံးကျော်တံတား အနုပညာစီမံကိန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ညကြီးကားပြေးဆွဲပေးရန် အစီအစဉ်ရှိကြောင်း ပြောဆိုခဲ့ပြီးနောက်  အများပိုင်ကုမ္ပဏီများမှ အရံကားများဖြင့် ည ၁ဝ နာရီထိ ပြေးဆွဲပေးနေခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ ညပိုင်း ၇ နာရီမှ ၁ဝ နာရီထိ ယာဉ်လိုင်းတစ်လိုင်းလျှင် အရံကား ၅ စီးထားရှိ၍ YBS လက်အောက်ရှိ အများပိုင်ကုမ္ပဏီများ၏ ကားလိုင်းများမှ   ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

" အခုလောလောဆယ် လူပိုတက်တာ စံပြ၊ ညမိုးချုပ်ရင် စံပြ ရုပ်ရှင်ရုံရှေ့၊ ဇင်ယော်မုန့်တိုက်ရှေ့၊ မြို့တော်ခန်းမရှေ့နဲ့ သခင်မြပန်းခြံရှေ့ အဓိက အဲ့ဒီ ၄ နေရာပဲ။   ဆောင်ရွက်ပေးတာကတော့   ဆောင်ရွက်ပေးနေပါတယ်။ အားလုံးရဲ့ကိုယ်စား၊ YBS ရဲ့ ကိုယ်စား၊ ရန်ကုန်တိုင်းဝန်ကြီးက နေပြီးတော့ ဒီနေရာတွေကို ဖြစ်အောင် ဆောင်ရွက်ပါဆိုပြီးတော့ ကျွန်တော့ကို ဆောင်ရွက်ခိုင်းတဲ့ အတွက်ကြောင့် ကျွန်တော်ကိုယ်တိုင်ပဲ ညတိုင်း ဆောင်ရွက်ပေးနေပါတယ် "ဟု ဦးမောင်မောင်လွင်က ပြောသည်။

ညပိုင်း ၄ နေရာအား YUPT ကုမ္ပဏီမှ  ၄၊ ၇ ၊ ၂၈၊ ၂၉၊ ၃၆ ၊ ၄ဝ ၊၅၈၊ ၆၅ ယာဉ်လိုင်းများ၊ ခေတ်သစ်ဘုရင့်နောင် ကုမ္ပဏီမှ ၆၁ ၊ ဗန္ဓုလကုမ္ပဏီမှ ၁၂၊ စီးတီးလိုင်းနာ ကုမ္ပဏီမှ ၅၇ နှင့် ၅၆ ယာဉ်လိုင်းများ ကလည်း အရံကားများဖြင့် ပူးပေါင်းပြေးဆွဲနေခြင်းဖြစ်သည်။

YUPT အများပိုင်ကုမ္ပဏီ မှ ညပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ၄၊ ၇ ယာဉ်လိုင်းနှင့် မြို့တော်ခန်းမအနီးရှိ မီးသတ်ဌာနအနီး ဇင်ယော်မုန့်တိုက်ရှေ့တွင် ၂၈၊ ၂၉၊ ၃၆ ယာဉ်လိုင်း များဖြစ်ပြီး သခင်မြပန်းခြံတွင်လည်း ၄ဝ နှင့် ၅၈၊ ၆၅ ယာဉ်လိုင်းများတွင် အရံကားများဖြင့် ပြေးဆွဲ ပေးနေကြောင်း သိရသည်။

YBS ဘတ်စ်ကားများမှ မနက် ၅ နာရီမှ ည ၉ နာရီအထိ ပြေးဆွဲခြင်းဖြစ်ပြီး ည ၈ နာရီနောက်ပိုင်း ကားအခက်အခဲရှိကြောင်း လူထုက ဝေဖန်ပြောဆိုခဲ့ကြသည်။

အများပိုင်သယ်ယူပို့ဆောင်ရေးနစ်ပြောင်းလဲလိုက်ပြီးနောက် အများပိုင်ကုမ္ပဏီ ၈ ခုမှ ပါဝင်ပြေးဆွဲခြင်းဖြစ်ပြီး YUPT ကုမ္ပဏီမှာ ယခင် မထသ မှ ထူထောင်ထားသောကုမ္ပဏီဖြစ်ပြီး ယာဉ်လိုင်းပေါင်း ၂ဝ ဖြင့် လက်ရှိပြေးဆွဲပေးနေခြင်းဖြစ်သည်။ ယင်းကုမ္ပဏီမှ ယာဉ်လိုင်းအချို့တွင် Wifi အခမဲ့အပါအဝင် အဆင့်မြှင့်တပ်ဆင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly