အင်္ဂလိပ်နယ်ချဲ့ ခုခံဆန့်ကျင်တော်လှန်ရေး မင်းလှခံတပ်သို့ သွားရောက်ခြင်း (အပိုင်း ၁)

28 January 2017
အင်္ဂလိပ်နယ်ချဲ့ ခုခံဆန့်ကျင်တော်လှန်ရေး မင်းလှခံတပ်သို့ သွားရောက်ခြင်း (အပိုင်း ၁)
 

မင်းလှမြို့ဟာ သမိုင်းထဲမှာ အလွန်ထင်ရှားခဲ့တဲ့ သမိုင်းဝင်နေရာတစ်ခု ရှိနေတဲ့နေရာပါ။ ဧရာဝတီမြစ်ကြီးရဲ့ အနောက်ဘက် ကမ်းနဖူးပေါ်မှာ တည်ဆောက်ထားတဲ့ မြို့ဖြစ်ပြီး  ကွေ့ကောက်နေတဲ့   မြစ်ကြောင်းရှိနေတဲ့ နေရာလည်းဖြစ်ပါတယ်။ မကွေးမြို့ရဲ့ တောင်ဘက် ၁၅ မိုင်လောက်မှာရှိနေပြီး မြို့ကို အဓိကထင်ရှားစေတဲ့ နေရာကတော့ မင်းလှခံတပ်ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရဲ့ အနောက်ဘက် ကမ်းနံရံပေါ်မှာ ကြီးမားတောင့်တင်းလှတဲ့ အုပ်တံတိုင်းကြီးတွေနဲ့ ခမ်းနားလှတဲ့ ဒီနေရာဟာ ကျွန်မတို့ရဲ့ မြန်မာ့သမိုင်းမှာ လူသိများပြီးဖြစ်တဲ့ မင်းလှခံတပ်ဖြစ်ပါတယ်။ မင်းလှခံတပ်ဟာ လွန်ခဲ့သော   နှစ်ပေါင်း ၁၃၀ ခန့်က တတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲအတွင်း နယ်ချဲ့အင်္ဂလိပ်စစ်တပ်တွေကို မြန်မာမျိုးချစ်တပ်တွေက အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ ဧရာဝတီမြစ်ကို ဆန်တက်လာမယ့် အင်္ဂလိပ်စစ်တပ်တွေကို စောင့်ကြိုချေမှုန်းနိုင်ဖို့ မင်းတုန်းမင်းရဲ့ညီတော် ကနောင်မင်းသားကြီး ဦးစီးကွပ်ကဲပြီး ဒီမင်းလှခံတပ်ကြီးကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ကနောင်မင်းသားကြီးဟာ သမိုင်းမှတ်တမ်းမှာဆိုရင်လည်း တကယ့် သိပ္ပံပညာနဲ့ စက်မှုလက်မှုပညာတွေကို မြန်မာပြည်အတွက် ဦးဆောင်လမ်းဖွင့်ပေးသူ မင်းညီမင်းသား တစ်ပါးဖြစ်ပါတယ်။ သူ့ရဲ့ပညာနဲ့ ပြီးတော့ သူ့ရဲ့အဖော် ပြင်သစ်နဲ့ အီတာလျံလူမျိုး အင်ဂျင်နီယာတွေ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံကနေ ပညာတော်သင်သွားတဲ့ မြန်မာနိုင်ငံသားတွေ အတူတူ ပူးပေါင်းပြီးတော့   ဆောက်လုပ်ခဲ့ကြတဲ့ မင်းလှခံတပ်ကြီးဖြစ်ပါတယ်။

ဒီမင်းလှခံတပ်ကြီးက အတွင်းဘက်မှာ မြေပြန့်ကြီးပဲလုပ်ထားတယ်။ အပေါ်ပိုင်းကိုတက်မယ်ဆိုရင်တော့ လှေကားတွေနဲ့ လုပ်ထားတာပါ။ အထဲမှာ တော့ အဆောင်ခန်းတွေ ရှိပါတယ်။ အခန်းစုစုပေါင်း ၂၁ ခန်းရှိတယ်လို့ ပြောပါတယ်။ အဓိကဝင်ပေါက်ကိုတော့ အနောက်ဘက်မှာ ထားထားပါတယ်။ ဒီခံတပ်ကြီးက တကယ့်ကို မြင့်မြင့်မားမားနဲ့ ထုထည်ကြီးမားစွာ ဆောက်လုပ်ထားပါတယ်။ အင်္ဂလိပ်တို့ရဲ့အမြောက်လက်နက်ကြီးတွေရဲ့အားကို ခံနိုင်ဖို့အတွက်ကို တော်တော့်ကို ထုထည်ကြီးကြီးမားမား ဆောက်လုပ်ထားတာကို တွေ့ရပါတယ်။ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ တည်ရှိတာဖြစ်ပါတယ်။

မင်းလှမြို့ဟာ ဧရာဝတီမြစ်ကြီးရဲ့ အနောက်ဘက်မှာ ရှိနေသလို အဲဒီမြို့မှာရှိနေတဲ့ မင်းလှခံတပ်ဟာ မြစ်ကမ်းကိုကပ်ပြီးတော့ တည်ဆောက်ထားတာဖြစ်ပါတယ်။ မြစ်ကြောင်းအတိုင်း ဆန်တက်လာမယ့် နယ်ချဲ့အင်္ဂလိပ်တွေကို အနီးကပ် ပစ်ခက်တိုက်ခိုက်နိုင်လောက်အောင် အခိုင်အမာ တည်ဆောက်ထားတာပါ။

မင်းလှခံတပ်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၁၅၅ နှစ်ကာလဖြစ်တဲ့ ခရစ်နှစ် ၁၈၆၁ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ပါတယ်။ ၁၈၂၄ ခု ဘကြီးတော်လက်ထက် ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာတို့ စစ်ရှုံးခဲ့ပါတယ်။ ဒီစစ်ပွဲရဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီဒေသနဲ့ အနောက်ဘက်ပိုင်း ဒေသတချို့ကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ပေါင်း ၃၀ နီးပါးအကြာ ၁၈၅၂ ခုနှစ်မှာ ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီးတော့ အောက်မြန်မာနိုင်ငံကို သိမ်းယူခဲ့ပါတယ်။

အင်္ဂလိပ်တို့ အောက်မြန်မာနိုင်ငံကို သိမ်းယူပြီး ၈ နှစ်အကြာ အထက်မြန်မာနိုင်ငံကို ကာကွယ်ဖို့အတွက် ရေကြောင်း စစ်ချီလမ်းဖြစ်တဲ့ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ မင်းလှခံတပ်ကြီးကို ၁၈၆၁ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ကြတာပါ။ အဲဒီလိုတည်ဆောက်ပြီးလို့ ၁၈၈၅ ခုနှစ် နိုဝင်ဘာလမှာပဲ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့ ချီတက်လာတဲ့ အင်္ဂလိပ်တို့နဲ့ တတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲဖြစ်ပွားခဲ့ပြီးတော့ မြန်မာတို့ အရေးနိမ့်ခဲ့ရပြန်ပါတယ်။ ဒီနေရာဟာဆိုရင် မြန်မာတို့အတွက် အရေးပါလှတဲ့ ခံတပ်ကြီးဖြစ်ခဲ့သလို မျိုးချစ်သူရဲကောင်းတို့ကို အမှတ်ရစရာ နေရာတစ်ခုလည်း ဖြစ်လို့နေပါတယ်။

အခုရောက်နေတာကတော့ မင်းလှခံတပ်ကြီးရဲ့ အရှေ့မျက်နှာစာနေရာပဲ ဖြစ်ပါတယ်။ ဒီနေရာဟာဆိုရင် တိုက်ပွဲတွေဖြစ်ပွားတုန်းကတော့ မိုင်းဒဏ်တွေကြောင့် ပြိုကျပျက်ဆီးပြီးတော့   နောက်ပိုင်းမှာတော့ ရာသီဥတုဒဏ်တွေကို ဆက်လက်ပြီးတော့ ခံစားခဲ့ရတဲ့နေရာဖြစ်ပါတယ်။ ၁၈၈၅ ခုနှစ်တုန်းက ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ ဗြိတိသျှတွေကို ဒီခံတပ်က မင်းထင်၊ မင်းလှ၊ ရဲခေါင်သူတွေနဲ့ တပ်သား ၅၀၀ တို့ကနေ အမြှောက်တွေ ဓား၊ သေနတ်တွေနဲ့ ခုခံတိုက်ခိုက်ခဲ့တဲ့ နေရာဖြစ်ပါတယ်။

မင်းလှခံတပ်ကြီးရဲ့ အနောက်ဘက် ရှေ့ဝင်ပေါက်မှာတော့ အောက်ဘက်မှာ အမိုးခုံးအမိုးကြီးတစ်ခု ရှိနေပါတယ်။ အဲဒီတံခါးပေါက်ကနေ ဝင်သွားမယ်ဆိုရင်တော့ ခံတပ်ရဲ့ အတွင်းပိုင်း အလယ်တည့်တည့်ကို ရောက်သွားမှာပါ။ အတွင်းပိုင်းမှာတော့ ဘေးဘက်နံရံတစ်လျှောက် အခန်းတွေရှိပါတယ်။ စစ်တပ်တစ်ခုအတွက် လိုအပ်တဲ့ အခန်းငယ်လေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ အခန်းနံရံတွေက အရမ်းကို ထူထဲလှတဲ့ အုပ်နံရံကြီးတွေဖြစ်ပါတယ်။

အဲဒီ အခန်းငယ်လေးတွေပါဝင်တဲ့ ခံတပ်အောက်ဘက်အပိုင်းနဲ့ အပေါ်ပိုင်းကို အုတ်လှေကား လေးစင်းနဲ့ ဆက်သွယ်ထားပါတယ်။ ဒီနေရာဟာ စစ်ရေးအတွက် အသုံးပြုတဲ့ အဆောက်အအုံတစ်ခု ဖြစ်ပေမယ့် လှေကားလေးတွေက တော်တော်လေးကို ကျဉ်းတာတွေ့ရတယ်။ အရေးပေါ်အခြေအနေမှာတော့ စစ်သားတွေ ဘယ်လို ပြေးဆင်းပြေးတက်လုပ်တယ်တော့ မသိဘူး။ ကိုယ်က အေးအေးဆေးဆေးတက်တာတောင် တော်တော်တက်ရပါတယ်။

ခံတပ်ရဲ့အပေါ်ထပ်က အမြှောက်လက်နက်တွေနဲ့ ပစ်ခတ်တဲ့နေရာဖြစ်ပါတယ်။ ခံတပ်အတွင်းပိုင်းကနေ အုတ်လှေကားလေးတွေနဲ့ ဆက်သွယ်ထားသလို ခံတပ်ရဲ့ မျက်နှာစာမှာလည်း ခုံးဆင်း လမ်းကြီးနှစ်ခုကို ဝဲယာနှစ်ဖက် ထည့်သွင်းထားပါတယ်။ ခုံးအဆင်း လမ်းမကြီးတွေက လှေကားထစ်ပုံစံမျိုးမဟုတ်ပဲနဲ့ ဆင်ခြေလျောပုံစံမျိုး ပြုလုပ်ထားပြီးတော့ ၁၄ ပေနီးပါး ကျယ်ဝန်းပါတယ်။

ဒီခံတပ်ကြီးဟာ မြေပေါ်ခံတပ်အမျိုးအစားဖြစ်ပြီးတော့ မင်းတုန်းမင်းကြီးနဲ့ အိမ်ရှေ့စံ ကနောင်မင်းသားကြီးတို့ တည်ဆောက်ခဲ့တာပါ။ ပြင်သစ်နဲ့ အီတာလျံလူမျိုး အင်ဂျင်နီယာတွေအပါအဝင် နိုင်ငံခြားကနေ ပညာတော်သင် ပြန်လာကြတဲ့ မြန်မာအင်ဂျင်နီယာ လူငယ်တွေ ပူးပေါင်းပါဝင်ပြီးတော့ တည်ဆောက်ခဲ့ကြတာပါ။

ဒီလောက် ထုထည်ကြီးမားလှတဲ့ မင်းလှခံတပ်ကြီးရဲ့ အတိုင်းအတာကို ပြောပြရမယ်ဆိုရင်တော့ မင်းလှခံတပ်ရဲ့ အရှေ့နဲ့အနောက်ဆိုရင် ပေ ၂၀၀ ကျော်လောက် ရှိပါတယ်။ တောင်နဲ့မြောက်ဆိုရင်တော့ ပေ ၁၈၀ ကျော်ကျော်လောက်ရှိတဲ့ ခံတပ်ကြီးဖြစ်ပါတယ်။ အပေါ်က အုတ်ရိုးအကျယ်ဟာဆိုရင် ၁၆ ပေကျော်ကျော်လောက်ရှိပါတယ်။ အဲတော့ ဒီလိုမျိုး ထုထည်ကြီးမားပြီးတော့ ခိုင်ခံ့တဲ့ မင်းလှခံတပ်ကြီးကို တည်ဆောက်ဖို့အတွက် အဲဒီခေတ်အခါက မြန်မာငွေအဖြစ် အသုံးပြုခဲ့ကြတဲ့ မြန်မာဒေါင်းဒင်္ဂါး ၇ သိန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

မင်းလှခံတပ်ရဲ့ အပြင်ဘက် မြို့ရိုးအမြင့်ဟာ ပေပေါင်း ၂၅ ပေကျော် အမြင့်ရှိပါတယ်။ ဒီနေ့အချိန်မှာတော့ ခံတပ်ကြီးရဲ့ နေရာတော်တော်များများက အကောင်းပကတိအတိုင်း ကျန်နေပါသေးတယ်။ ဒီခံတပ်ကြီးဟာ မင်းလှမြို့အတွက်သာမကပဲ မြန်မာနိုင်ငံအတွက်ပါ အရေးပါ ထင်ရှားလှတဲ့ သမိုင်းဝင်နေရာကြီးဖြစ်ပါတယ်။ အခုချိန်ထိလည်း ရှေ့ဟောင်း သုတေသနဌာနကလည်း ပြုပြင်ပြီး ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ မင်းလှခံတပ်ကြီးရဲ့ အရှေ့ဘက်ခြမ်းကတော့ ခံတပ်ကြီး နောက်ဆုံးအသက်ဝင်ခဲ့တဲ့အချိန်မှာ အင်္ဂလိပ်တွေရဲ့ မိုင်းလက်နက်တွေနဲ့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် အရှေ့ဘက်နံရံကြီးကတော့ ပြိုကျသွားခဲ့ပါတယ်။

ဧရာဝတီမြစ်ကြီးရဲ့ တစ်ဖက်ကမ်းမှာဆိုရင်တော့ မင်းလှခံတပ်ကြီးရဲ့ ရဲဘော်ဖြစ်တဲ့ ဂွေးချောင်းခံတပ် ရှိပါတယ်။ အဲဒီ ဂွေးချောင်းခံတပ်ကတော့ မင်းလှခံတပ်လိုမျိုး မြေပြင်ကနေ ထီးထီးမားမားကြီး မြင့်မားနေတာမဟုတ်ဘဲနဲ့ မြေအောက်မှာ မြှုပ်ပြီးတော့ ရှိနေတဲ့ ခံတပ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ မင်းလှခံတပ်ရဲ့အကြောင်းကို လေ့လာမယ်ဆိုရင် မင်းလှခံတပ်ရဲ့ ရဲဘော်ဖြစ်တဲ့ ဂွေးချောင်းခံတပ်ကို သွားလေ့လာဖို့ လိုအပ်ပါတယ်။

ဆက်လက် ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly