မတူကွဲပြားခြားနားမှုသည် တိုင်းပြည်၏ အား ဖြစ်သည်

မတူကွဲပြားခြားနားမှုသည် တိုင်းပြည်၏ အား ဖြစ်သည်
 

ကမ္ဘာကြီးပေါ်တွင် စစ်ပွဲများသမိုင်းနှင့် ကင်းလွတ်စွာ ဖြစ်ပေါ်တိုးတက်လာသည့်နိုင်ငံဟူ၍တော့ မရှိချေ။ ထိုသို့ဆိုလိုက်သဖြင့် စစ်ပွဲများသည် နိုင်ငံတိုင်းအတွက် မရှိမဖြစ် လိုအပ်သည့် သမိုင်းဆိုင်ရာ လက္ခဏာတစ်ခု ဖြစ်သည်လောဟု မေးဖွယ်ရာဖြစ်လာသည်။ ဤသို့လည်းမဟုတ်ပါ။ စစ်ပွဲများသည် နိုင်ငံတိုင်းအတွက် မရှိလေ ကောင်းလေဟူသည့်စကားကို မည်သူမျှ ငြင်းနိုင်ကြလိမ့်မည် မဟုတ်ချေ။

ကမ္ဘာကြီးပေါ်တွင် စစ်ပွဲများကို အပြီးသတ် ငြိမ်းသေသွားအောင်လုပ်နိုင်သည့်နိုင်ငံများ ရှိပါသည်။ အတိတ်တွင် စစ်ပွဲများကို ရှောင်လွှဲမရခဲ့သော်ငြားလည်း ယင်းစစ်ပွဲများကို အပြီးသတ်ချုပ်ငြိမ်းသွာအောင် လုပ်နိုင်ခဲ့သည့် နိုင်ငံများ ရှိပါသည်။

စစ်ပွဲများဘာ့ကြောင့် ဖြစ်ရသနည်းဟူသည့်အဖြေကို ရှာလျင် စစ်ဖြစ်ပွားသည့် ခေတ်များ၊ တခေတ်နှင့်တခေတ် မတူကြသည့်အတွက် စစ်ဖြစ်ပွားရသည့်လက်သည်တရားခံများမှာလည်း တစ်ခေတ်နှင့်တစ်ခေတ် ကွဲပြားခြားနားနေမည်ဖြစ်ပါသည်။

မြန်မာပြည်သည် စစ်ပွဲများဖြင့် ယဉ်ပါးလွန်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မည်မျှအထိ ယဉ်ပါးသနည်းဟူမူ စစ်ပွဲများစဉ်ဆက်မပြတ်ရှိလာ ကြာလာခဲ့သည့်အတွက် စစ်ပွဲများ မရှိပါဟူသည့် စစ်ပွဲကို ကွဲပြားသိသာ ထင်ရှားစွာ မြင်နိုင်စွမ်းမရှိသည့် စိတ်အခြေအနေမျိုးအထိ ရှိလာကြပါသည်။ ထို့ကြောင့် လူအတော် များများသည် သို့မဟုတ် စစ်ပွဲနှင့် တိုက်ရိုက်ပတ်သက်သူများသည်   မြန်မာပြည်တွင် ပြည်တွင်းစစ် မရှိပါဟူ၍လည်းကောင်း၊ ပြည်တွင်းစစ်အသုံးအနှုန်းကို လက်မခံဟူ၍လည်းကောင်း၊ ပြည်တွင်းစစ်ဟူသည် တတိုင်းပြည်လုံးကို လွှမ်းခြုံခြင်းမရှိသည့် သာမာန်ကိစ္စတစ်ခုမျှသာဖြစ်သည်ဟူသည့် အယူအဆကို နှစ်ပေါင်းများစွာ ဆုတ်ကိုင်ထားခဲ့ကြဖူးပါသည်။

စစ်မက်ဖြစ်ပွားနေသည့်နိုင်ငံတစ်နိုင်ငံအဖို့ ငြိမ်းချမ်းရေးရယူချင်သည်ဆိုလျင် ငြိမ်းချမ်းရေးရအောင် မည်ကဲ့သို့ စတင်ဆောင်ရွက်ကြရမည်ကို လေ့လာကြရပါမည်။ ငြိမ်းချမ်းရေး ရရှိအောင်   ဆောင်ရွက်သွားကြသည့် နိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာကြရပါမည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံရမည့် အချက်များကို မှန်ကန်စွာ   ရွေးချယ်ချမှတ်   ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်ကြသည့် တိုင်းပြည်များ ရှိပါသည်။ ထိုနိုင်ငံများသည် “မတူကွဲပြားခြားနားသော အစုအဖွဲ့များကို တိုင်းပြည်အတွက် အားတစ်ခုအဖြစ်” ရယူနိုင်ခဲ့ကြသည့် နိုင်ငံများဖြစ်ပါသည်။ မတူကွဲပြားခြားနားသည့် အစုအဖွဲ့များ အချင်းချင်း အပြန်အလှန် အသိအမှတ်ပြု၊ အပြန်အလှန်လေးစားမှုဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ   နေထိုင်ရေး တည်းဟူသော “မဟာ ဗဟုဝါဒ အခြေခံ” ကို ယုံကြည်စွဲမြဲခြင်းဖြင့် သက်ဆိုင်ရာတိုင်းပြည်သည် ငြိမ်းချမ်းရေးဝန်းကျင်တစ်ခုဖန်တီးလာနိုင်ပြီး ဖွံ့ဖြိုးတိုးတက် စည်ပင်ချမ်းသာရေးလမ်းစကို မလွဲမသွေ စတင်အုတ်မြစ်ချနိုင်မည်သာ ဖြစ်သည်။

ယခုတော့ မိမိတို့ နိုင်ငံသည် မတူကွဲပြားခြားနားသော အစုအဖွဲ့များအချင်းချင်း “အကြမ်းဖက် တိုက်ခိုက်ခြင်းနည်းဖြင့် တည်ငြိမ်ငြိမ်းချမ်းမှုကို ရအောင်ယူလို့ရသည်ဟူသည့် ” အင်မတန်ဆွံ့အချို့တဲ့သည့် အယူအဆကြောင့် တိုးတက်ရမည့်အစား ဆုတ်ယုတ်သထက် ဆုတ်ယုတ်၍သာ လာခဲ့ရ၏။ စစ်ပွဲကြောင့် စစ်ဘေးသင့်ဒုက္ခသည်များ ရှိလာရခြင်း၊ တိုင်းပြည်ဘဏ္ဍာငွေများကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲရမည့်အစား စစ်ပွဲများအတွက် အသုံးပြုရခြင်း အစရှိသော စစ်ပွဲများကြောင့် ရရှိလာရသည့် ဆိုးကျိုးများကို မချိမဆန့် ခံစားနေကြရ၏။ အဆိုးဝါးဆုံးရလဒ်မှာ မတူကွဲပြားခြားနားသည့် အစုအဖွဲ့များကြား၊ မုန်းတီးခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ လက်စားချေလိုခြင်း အစရှိသော အမုန်းစိတ်၊ အမှောင်စိတ်၊ အဖျက်စိတ် မီးလျှံကို ပိုမိုတောက်လောင်စေသည့် ရလဒ်ပင်ဖြစ်သည်။

ထို့ကြောင့် မိမိတို့နိုင်ငံ စစ်ပွဲနှင့်တိုက်ရိုက်ပတ်သက်နေသော အစုအဖွဲ့များအနေဖြင့် “မတူကွဲပြားခြားနားသော အခြေအနေတစ်ရပ်ကို တိုင်းပြည်ရဲ့ အားအဖြစ်” ညာဏ်ပညာ အမြှော်အမြင်ကြီးစွာ ထားလျက် မှန်ကန်လေးနက်စွာ ကိုင်စွဲကာ ပြည်တွင်းစစ်မီး အောင်မြင်စွာ နိဂုံးချုပ်စေရေး အမြန်ဆုံး ဖြေရှင်းနိုင်ပါစေကြောင်း မဇ္ဈိမက အကြံပြု တိုက်တွန်းလိုက်ပါသည်။

 

Mizzima Weekly