ပါရီလမ်းများကို အလောင်းများဖြင့် ပြည့်နှက်သွားစေမည်ဟု အိုင်အက်စ် အကြမ်းဖက် အုပ်စုပြောကြား

ပါရီလမ်းများကို အလောင်းများဖြင့် ပြည့်နှက်သွားစေမည်ဟု အိုင်အက်စ် အကြမ်းဖက် အုပ်စုပြောကြား
ဇူလိုင်လ ၂၂ရက်နေ့က လိုင်းတင်လာခဲ့သည့် အိုင်အက်စ်စစ်သွေးကြွတစ်ဦးက ဆီးရီးယားစစ်သားတစ်ဦးကို ကွပ်မျက်နေဟန် ဗွီဒီယိုမြင်ကွင်း။ ဓာတ်ပုံ - ပရပ်စ်တီဗီ

တီဟီရန်၊ ဇူလိုင်-၂၃ ။      ။ ဆီးရီးယားစစ်သား တစ်ဦးအား သုတ်သင်ကွပ်မျက်နေပုံကို ရိုက်ပြထားသည်ဟု ယူဆရသည့် အိုင်အက်စ်တို့၏ ဗွီဒီယိုအသစ်တစ်ခုထဲတွင် အကြမ်းဖက်သမားများက ပါရီမြို့ကြီး၏ လမ်းမများကို အလောင်းများဖြင့်ပြည့်နှက် သွားစေမည် ဟုပြောကြား ခဲ့သည်ဟု ဆိုသည်။

Daily Mail သတင်းစာကြီးက ဇူလိုင်လ ၂၂ရက်နေ့က သတင်းပို့ချက်အရ ဆီးရီးယားအနောက်ပိုင်း ဟားမားပြည်နယ်အတွင်းရှိ အိုင်အက်စ်အုပ်စု၏ ဝါဒဖြန့်ချိရေးရုံးက လိုင်းတင်လာသည့် ဗွီဒီယိုထဲတွင် စစ်သွေးကြွတစ်ဦးက အကျဉ်းသား၏ ဦးခေါင်း ကိုသေနတ်ဖြင့် ပစ်ခတ်ပြီး၊ အလောင်းကို ကျောက်ဆောင်အစွန်းတစ်ခုပေါ်မှ ကန်ချနေဟန်ကို ရိုက်ပြထားသည်ဟု ဆိုသည်။

သုတ်သင်ကွပ်မျက်မှု မပြုလုပ်မီတွင် စစ်သွေးကြွက သွက်လက်ကြွယ်ဝသော ပြင်သစ်ဘာသာဖြင့် ၎င်းမှာ အရှေ့အလယ်ပိုင်းတွင် အိုင်အက်စ်တွက် တိုက်ပွဲဝင်နေသည့် ခန့်မှန်းခြေ ပြင်သစ်နိုင်ငံသား ၅၀၀အနက်မှ တစ်ဦးဖြစ်ကြောင်း ပြောကြားနေခဲ့သည်ဟု ဆိုသည်။

ထို့နောက် အဆိုပါစစ်သွေးကြွက သူ၏ သတင်းစကားမှာပြင်သစ်နိုင်ငံ တစ်ခုတည်းအတွက် သာမဟုတ်၊ နိုင်ငံတကာ အသိုင်း အဝိုင်းတစ်ခုလုံးအတွက် ရည်ရွယ်ကြောင်း ကြေညာပြီး ‘ခင်ဗျားတို့က ဘဝကို ချစ်သလို၊ ကျွန်တော်တို့က မရဏကို ချစ်တယ်’’ ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

ဤလတ်တလောအကျဆုံး ဗွီဒီယိုက အိုင်အက်စ်အုပ်စုက ပြင်သစ်ဘာသာဖြင့် ဝါဒဖြန့်ချိရေး အွန်လိုင်းမဂ္ဂဇင်းတစ်စောင်ကို ထုတ်ဝေခဲ့ပြီး နောက်တစ်ရက်တွင် လိုင်းတင်ထုတ်ပြန်လာခဲ့ခြင်းပင် ဖြစ်သည်။

မဂ္ဂဇင်းထဲတွင် ပြင်သစ်နိုင်ငံတွင် အိုင်အက်စ်များက ပြုလုပ်ခဲ့သည့် ဇွန်၂၆ရက် တိုက်ခိုက်မှုကို ချီးမွမ်းခန်းဖွင့်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် အိုင်အက်စ်အလံကို သယ်ဆောင်လာသည့် ယက်ဆင် ဆယ်ဟီက မြို့ငယ်လေးတစ်မြို့မှ ဓာတ်ငွေ့ စက်ရုံတစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး၊ အလုပ်ရှင်၏ ဦးခေါင်းကို စက်ရုံဂိတ်တံခါးတွင် ချိတ်ဆွဲထားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအပြီးတွင် နိုင်ငံအနေဖြင့် အနာဂတ်တွင် တိုက်ခိုက်မှုများကို ပိုမိုရင်ဆိုင်လာရလိမ့်မည်ဟု ပြင်သစ်ဝန်ကြီးချုပ် မင်နုရယ် ဘောက ပြောကြားခဲ့သည်။

‘အချိန်မရွေး အတိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ဖို့ဆိုတာ လူ့အဖွဲ့အစည်းတစ်ရပ်အတွက် ခက်ခဲပါတယ်။ ပြဿနာက ဘယ်အချိန် တိုက်ခိုက်လာမယ်ဆိုတာ မသိနိုင်တာပါပဲ’’ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly