၂၁ ရာစုပင်လုံ ညီလာခံအတွက် ကချင်နိုင်ငံရေးပါတီများ နိုင်ငံရေးအဆင့်ဆွေးနွေးပွဲ (အကြို) ကျင်းပ

၂၁ ရာစုပင်လုံ ညီလာခံအတွက် ကချင်နိုင်ငံရေးပါတီများ နိုင်ငံရေးအဆင့်ဆွေးနွေးပွဲ (အကြို) ကျင်းပ

ချင်းမိုင်၊ဇန်နဝါရီလ ၂၇ ။                ။ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) တင်ပြနိုင်ရန်အတွက် ကချင်တစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(အကြို) ဇန်နဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကချင်နိုင်ငံရေး ပါတီများညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကော်မတီ (KPCC) မှ ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က အပစ်ရပ်စာချုပ်(NCA) လက်မှတ် မရေးထိုးရသေးသဖြင့် ဆွေးနွေးပွဲကို တရားဝင်ပြုလုပ်ခွင့် မရသဖြင့် အကြိုသာ ကျင်းပခြင်း ဖြစ်ပြီး လာမည့် ဒုတိယအကြိမ် ညီလာခံအတွက် အခြေခံ ဥပဒေပိုင်းဆိုင်ရာတင်ပြနိုင်ရေး အဆင်သင့်ဖြစ်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ(KSDP)မှ ဥက္ကဌ ဒေါက်တာ တူးဂျာက ပြောသည်။

“ကျွန်တော်တို့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့လာမဲ့ ညီလာခံမှာ ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေအနေနဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ တင်ပြသွားဖို့ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဖက်ဒရယ်စနစ်ဆိုတာ ဘယ်လိုပုံစံမျိုး ဖြစ်တယ်ဆိုတာကို သဘောထား ကောက်ယူတာပေါ့။ ဒါကို ကျွန်တော်တို့က မှတ်သားထားပြီးတော့မှ တခြားကချင်အဖွဲ့အစည်းတွေနဲ့ ပြန်လည် ညှိနှိုင်းပြီးတော့ သဘောထားတခုထဲ တင်ပြနိုင်အောင် ပြင်ဆင်ထားတာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

နှစ်ရက်ကြာ ကျင်းပသော ယင်းဆွေးနွေးပွဲတွင် လာမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံသို့ တင်ပြမည့် KPCC မှ ပြုစုထားသည့် ကချင်ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)ကို တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

KPCC တွင် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ကရက်ပါတီ(KNCD)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) စသည့် ၄ ပါတီ ပူးပေါင်းဖွဲ့စည်းထားသည်။

ထိုဆွေးနွေးပွဲတွင် ကချင်ပြည်နယ်မှ ကချင်နိုင်ငံရေးပါတီများ၊ ကချင်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ကချင်အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ စုစုပေါင်း ၂၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly