စိတ်ပိုင်းဆိုင်ရာရော ဘယ်လောက်တောင်ထိခိုက်လဲဆိုရင် ကလေးတွေက ငြိမ်နေကြတယ်(Interview)

စိတ်ပိုင်းဆိုင်ရာရော ဘယ်လောက်တောင်ထိခိုက်လဲဆိုရင် ကလေးတွေက ငြိမ်နေကြတယ်(Interview)

ကလေးငယ် ၇ ဦးကို ခေါ်ယူမွေးစားပြီး ၎င်းအထဲမှာ မိန်းကလေး လေးဦးဟာ အဓမ္မပြုကျင့်ခံရထားရသည့် အမှုတစ်ခု ဗိုလ်တစ်ထောင်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး တရားခံဟု ယူဆရသူကို ဇန်နဝါရီလ ၂၅ ရက်က ဖမ်းဆီးထားပါတယ်။ ဒီကလေးငယ်တွေကို အခုလက်ရှိအချိန်မှာတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးက ပြန်လည်စောင့်ရှောက်ထားပါတယ်။  အဆိုပါ ကလေးငယ် ၇ဦးကို ဗိုလ်တစ်ထောင်မြို့နယ် လမ်းသွယ်(၂) ရှိ တိုက်ခန်းပိုင်ရှင် ဒေါ်ခမ်းဆိုသူက မွေးစားခဲ့ခြင်း ဖြစ်ပြီး ကလေးငယ်များအား နှိပ်စက်ခံနေရကြောင်း ရပ်ကွက်နေ ပြည်သူများက တိုင်ကြားခဲ့ကြခြင်း ဖြစ်ပါတယ်။ ကလေးငယ် ၇ဦးမှာ အသက် ၃နှစ်မှ ၇နှစ် အရွယ်ကြားရှိ မိန်းကလေး ၄ဦး၊ အသက် ၁၁ နှစ် နှင့် အသက် ၅နှစ် အရွယ်ကြားရှိ ယောက်ျားလေး ၃ဦး တို့ ဖြစ်ပြီး အခန်းပိုင်ရှင်ရဲ့ မော်တော်ယာဉ်မောင်း အသက် ၄၃နှစ်ရှိ အမျိုးသားမှ မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိတွင် ယာဉ်မောင်းအား ဗိုလ်တစ်ထောင် ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရပါတယ်။ ဒီအမှုအခြေအနေနဲ့ပတ်သက်ပြီး အဲဒီအမှုကို လိုက်ပါကူညီနေတဲ့ ဗိုလ်တစ်ထောင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး(ခ) ဒေါ်မေစိုးကို မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဇေယျာမော်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။                  ။ကလေးတွေကို မွေးစားထားတဲ့ အမျိုးသမီးရယ် ၊ ကလေးတွေကိုထိန်းတဲ့အမျိုးသမီးရယ် ၊ အဓမ္မပြုကျင့်တဲ့ယာဉ်မောင်းရယ်ကို ရဲစခန်းမှာ ခေါ်ပြီးစစ်ဆေးနေတယ်ဆိုတော့ အခုလက်ရှိအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။                   ။ အခု ခေါ်စစ်တဲ့အခါမှာ ခေါ်ယူမွေးစားထားတဲ့ ဒေါ်ခမ်းဆီမှာ လာရောက်အလုပ်လုပ်တဲ့ ဒရိုင်ဘာ ဦးလှမိုးကို  ပ ၂၄/၃၇၆ နဲ့ လူကယ်ပြန်က တရားစွဲဆိုထားပါတယ်။

မေး။                  ။ မွေးစားထားတဲ့ အမျိုးသမီး ဒေါ်ခမ်းက စာချုပ်စာတမ်းနဲ့ မွေးစားထားတယ်။ ပြီးတော့ ဒီနိုင်ငံမှာလည်း အမြဲတမ်းနေထိုင်တဲ့သူမဟုတ်ဘူးဆိုတော့ သူတို့ကို ဥပဒေကြောင်းအရ အရေးယူနိုင်ချေရှိလား။

ဖြေ။                   ။ ဒီမှာကလေးတွေကို ခေါ်ယူမွေးစားထားတယ်ဆိုတော့ လူကယ်ပြန်က မွေးစားတယ်ဆိုလို့ရှိရင် စာချုပ်စာတန်းနဲ့ တစ်ခါတည်းမွေးစားရတယ်။ တခြားကမွေးစားထားတဲ့ဟာဆိုရင် ဘယ်လိုနည်း ဘယ်လိုဟန်နဲ့ မွေးစားထားလဲဆိုတာကို အခုမှစစ်ဆေးနေတယ်ပေါ့လေ။

မေး။                  ။ အခုကလေးငယ်တွေကိုရော ဘယ်လိုမျိုး ကူညီစောင့်ရှောက်မှုတွေပေးနေလဲ။

ဖြေ။                   ။ အခုက လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးက ရွှေဂုံတိုင်ရုံးက ခေါ်ယူစောင့်ရှောက်ထားပါတယ်ရှင့်။ ယောက်ျားလေးတွေကတော့ ကျိုက်ဝိုင်းက ရုံးမှာ ခေါ်ယူစောင့်ရှောက်ထားပါတယ်။

မေး။                  ။ ဒီကလေးငယ် ၇ ဦးစလုံးကို ဒေါ်ခမ်းဆိုတဲ့အမျိုးသမီးက ဘယ်လိုခေါ်ယူမွေးစားထားတာလဲ ဆိုတာသိပြီလား။

ဖြေ။                   ။ လူကယ်ပြန်က မွေးစားတယ်ဆိုရင် ကျောင်းထားရမယ် သားသမီးလိုထားရမယ်၊ စာချုပ်စာတန်းနဲ့ မွေးစားရမယ်။ ဒေါ်ခမ်းက နှစ်ယောက်ရှိတယ်လို့ပြောတယ်ပေါ့နော် စာချုပ်စာတန်းနဲ့မွေးစားထားတာ။ ဒါကိုတော့ လူကယ်ပြန်က စစ်နေတယ်ပေါ့လေ။ ဘယ်ကနေရထားတယ်၊ ဘယ်လိုရထားလဲဆိုတာကိုတော့ လူကယ်ပြန်က စစ်ဆေးတုန်းပဲရှိပါသေးတယ်။

မေး။                  ။ ဒီကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကရောဘယ်လိုရှိလဲ။

ဖြေ။                   ။ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာဆိုရင် ကလေးတွေက အရမ်းကိုညှက်တယ်။ အစာရေစာလည်း ပြည့်ပြည့်၀၀လင်လင် မစားရဘူးပေါ့လေ။ ကလေးတွေမှာ ဒီကလေးထိန်းဖို့ ခေါ်ထားတဲ့ ဒေါ်ညိုက ရိုက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ဆိုတော့ ကလေးတွေက တော်တော်နဲ့ နလံမထူပါဘူး။ ကလေးတွေက တော်တော်လေးကို အင်အားချိနဲ့နေတယ်ပေါ့လေ။ စိတ်ပိုင်းဆိုင်ရာဆိုရင် ပြောစရာကို မလိုတော့ဘူးလေ။ နှစ်နှစ်နဲ့ခုနစ်လကလေးပါတယ် အငယ်ဆုံးလေးပေါ့လေ၊ မိန်းကလေးထဲမှာ ခုနစ်နှစ် ယောက်ျားလေးထဲမှာ ဆယ့်တစ်နှစ်ရှိတယ်။ ဒီကလေးတွေကို လိင်ပိုင်းဆိုင်ရာပြုကျင့်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ထားတယ်ဆိုလို့ရှိရင် ကလေးတွေရဲ့ စိတ်က ဘယ်လိုရှိလဲတောင် စဉ်းစားကြည့်လိုက်ရုံနဲ့ သိသာပါတယ်။ ကလေးတွေပေါ်မှာ မဖွယ်မရာပြုကျင့်တာ၊ မဖွယ်မရာပုံတွေပြတာ မဖွယ်မရာကိစ္စ တွေ လုပ်တဲ့ဟာမှာ ကလေးတွေရဲ့ စိတ်ဓါတ်ရေးရာရော၊ စိတ်ပိုင်းဆိုင်ရာရော ဘယ်လောက်တောင်ထိခိုက်လဲဆိုရင် ကလေးတွေက ငြိမ်နေကြတယ်။ ငြိမ်နေလို့ သွားခေါ်တဲ့အခါမှာ ကလေးတွေက တီဘီရှိလို့ ရောဂါရှိလို့ငြိမ်နေတယ်လို့ ပြောတယ်ပေါ့လေ။ အခု ကလေးတွေက လူကယ်ပြန်ကို ရောက်တဲ့အခါမှာ ကလေးချင်းတွေ့တဲ့အခါမှာ ကလေးတွေက တော်တော်လေး လန်းလန်းဆန်းဆန်းဖြစ်လာတာ တွေ့ရတယ်ပေါ့။

မေး။                  ။ ဒီလိုအမှုတွေက ရန်ကုန်တင်မကဘူး၊ မြန်မာနိုင်ငံမှာပါ မကြာခဏဖြစ်နေတယ်ဆိုတော့ ဥပဒေပိုင်းဆိုင်ရာအရ ဘယ်လိုမျိူးပြင်ဆင်သင့်လဲ။

ဖြေ။                   ။ ဒါ ကျွန်မတို့လွှတ်တော်တွေမှာလည်း ဥပဒေတွေကို တိတိကျကျပြင်ဆင်ဖို့လိုအပ်ပါတယ်။ ကလေးသူငယ်ဥပဒေမှာဆိုရင် ပြစ်မှုဆိုင်ရာဥပဒေမှာလည်း   ပြစ်မှုမှာလည်းတော်တော် နည်းနေပါတယ်။ ဒါတွေကိုလည်း ပြင်ယူရဦးမှာပါ။ ဒါတွေကလည်း  ကျွန်မတို့မှာ တာဝန်ရှိပါတယ်။

မေး။                  ။ ဆိုလိုတဲ့သဘောက ကလေးသူငယ်မွေးစားခြင်းဆိုင်ရာ စည်းကမ်းတွေကို တင်းကျပ်ဖို့လိုအပ်နေပြီ ဆိုတဲ့ သဘောလားခင်ဗျ။

ဖြေ။                   ။ ဟုတ်ကဲ့ပါရှင့် တော်တော်လေးကို လိုအပ်နေတဲ့ သဘောပါရှင့်။ အခုဆိုရင်ကလေးတွေကို မွေးစားတယ်၊ ချစ်လို့မွေးစားတယ်၊ တကယ်လိုချင်လို့မွေးစားတယ်ဆိုရင် ဒီလိုမျိုး မထားဘူးလေ။ သူဘာအကြောင်းပြချက်ရှိတယ် သေချာတယ် ကလေးတွေကို ခေါ်မွေးစားတယ်၊ ခုနှစ်ယောက်တောင်မွေးစားတယ်။ မွေးစားပြီးတော့ သေသေချာချာလည်းကျွေးမထားဘူး၊ ကလေးတွေကိုလည်းညှင်းပန်းနှိပ်စက်ထားတယ်ဆိုရင် ကလေးတွေကို ပြပြီးတော့မှ နိုင်ငံတကာအလယ်မှာ ပြစားတာလား။ လူကုန်ကူးဖို့အတွက် ထားတာလားဆိုတာ သံသယဖြစ်ဖွယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေကို မေတ္တာနဲ့မွေးစားတယ်ဆိုရင် ကျောင်းထားပေးရမယ် သေသေချာချာစောင့်ရှောက်ရမယ်၊ စနစ်တကျကျွေးမွေးရမယ်။ ဒါမျိုးတွေသူမရှိဘူး၊ အဲ့ဒီထဲက ကလေးတွေကို ခေါ်ပြီး တစ်ခုခုလုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ခေါ်ပြီး မွေးစားထားတဲ့သဘောသက်ရောက်နေပါတယ်။

မေး။                  ။ ဒါမျိုးတွေမဖြစ်အောင် ဘယ်လိုမျိုး ကာကွယ်စောင့်ရှောက်ရင် ရနိုင်မလဲ။

ဖြေ။                   ။ ကာကွယ်တားဆီးဖို့အတွက်ပညာပေးတွေလုပ်ရမယ်။ နောက်တစ်ခုက ကလေးတွေကို မိဘတွေက မကျွေးနိုင်လို့သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း၊ မွေးစားဖို့ပေးချင်တယ်၊ မွေးချင်တယ် ဆိုလို့ရှိရင် သူတို့ရဲ့ အခြေအနေက ဘယ်လိုကြောင့်ရှိလဲဆိုတာကို သိဖို့လိုတယ်။ တစ်ချို့ကျတော့ ပညာမတတ်ဘူး၊ ကလေးမွေးပြီး ကလေးကိုတာဝန်မယူချင်ဘူး။မွေးစားမယ့်လူရှိရင်တစ်ခါတည်း ပေးလိုက်တယ်ပေါ့။ ဥပမာဆိုရင် ဒီကလေးတွေဆိုရင် မိဘရှိကောင်းရှိမယ်။ ဒါပေမယ့်သူဘယ်လိုရထားမှန်းမသိဘူး။ မိဘတွေကလည်း ပေးလိုက်ပြီဆိုရင် လှည့်မကြည့်တော့ဘူး ဆိုလို့ရှိရင် ကလေးတွေရဲ့ ဘဝရှင်သန်ရေးဟာ စိတ်မကောင်းစရာလည်းများတယ်၊ နစ်မွန်းစရာလည်း ကောင်းသွားမယ်။ လူကယ်ပြန်ဝန်ကြီးဌာနက ကလေးတွေမွေးစားရင် စာချုပ်စာတန်းနဲ့ မွေးစားရတယ်၊ အပြင်မှာ မွေးစားတဲ့ဟာတွေကျတော့ ဘယ်လိုမျိုး မွေးစားထားတာလဲပေါ့လေ၊ တောတွေမှာ နယ်တွေမှာ  သွားပြီးတော့ မွေးစားထားတာလား။ ဆေးရုံကနေ စွန့်ပစ်ကလေးတွေကို မွေးစားထားတာလား ဒါတွေဘယ်လိုမွေးစားထားတာလဲဆိုတာ တိတိကျကျ သိဖို့လိုပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ပညာပေးတွေ အများကြီးလုပ်ဖို့လိုအပ်ပါတယ်။ ဒီလိုဟာမျိုးတွေ ဖြစ်နေတဲ့နေရာတွေလည်း အများကြီးရှိမှာပါ။ ရန်ကုန်မှာလည်း ရှိမှာပါ၊ နယ်တွေမှာလည်း ရှိမှာပါပဲရှင့်။

မေး။                  ။ ဒီကိစ္စမှာ ကလေးတွေကို ခေါ်ယူမွေးစားထားတဲ့ ဒေါ်ခမ်းဆိုသူအမျိုးသမီးက လူကုန်ကူးမှုနဲ့လည်း သံသယရှိလို့ ရဲတပ်ဖွဲ့က ခေါ်စစ်ဆေးထားတယ်လို့ ကြားတော့ ဒီကိစ္စကနောက်ထပ် ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ။

ဖြေ။                   ။ သူ့ကို လူကုန်ကူးနဲ့လည်းစစ်တယ်။ ကလေးသူငယ်မှုကတော့သေချာတယ်၊ နောက်တစ်ခုက သူကိုယ်တိုင်ကလည်း ဟိုဘက်နိုင်ငံမှာ နိုင်ငံသားခံယူထားတယ်၊ ဒီမှာလည်း မှတ်ပုံတင်နဲ့နေတယ်ဆိုတော့လေ၊ ဒီကိစ္စက လဝကမှာလည်း တာဝန်ရှိပါတယ်။ အခုအချိန်မှာတော့ သူ့ကို သေချာစစ်ဆေးနေပါတယ်ရှင့်။

မေး။                  ။ အခုခေါ်ယူမွေးစားထားတဲ့ ကလေး ခုနှစ်ယောက်ထဲမှာ ဘယ်နှစ်ယောက်က လူကယ်ပြန်ကနေ ခေါ်မွေးစားထားလဲ။ ဒီအတိုင်းမွေးစားထားတာ ဘယ်နှစ်ယောက်ရှိလဲ။ အဲ့ဒါကိုရော တိတိကျကျ သိရပြီလား။

ဖြေ။                   ။ အခုအချိန်မှာတော့ ကျွန်မလည်း မသိရသေးဘူးရှင့်။ စောစောက ကျွန်မလည်း လူကယ်ပြန်က ဦးမျိုးဆက်အောင်နဲ့ ဆက်သွယ်ပြီးတော့ မေးထားပါတယ်ရှင့်။ သူ့အနေနဲ့လည်း တိတိကျကျတွေလုပ်နေတယ်၊ ရဲတပ်ဖွဲ့ကလည်း တိတိကျကျတွေစစ်နေတယ်၊ လူကယ်ပြန်အဖွဲ့ကလည်း တိတိကျကျ စစ်နေပါတယ်ရှင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly