မိဘမဲ့ကလေးများပညာရေးအတွက် 8 ဟု အမည်ပေးထားသော အိတ်ရောင်းပွဲကျင်းပ

မိဘမဲ့ကလေးများပညာရေးအတွက် 8 ဟု အမည်ပေးထားသော အိတ်ရောင်းပွဲကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ။             ။ မြတ်မေတ္တာ (ဂရေ့စ်ဟုမ်း) ကလေးသူငယ်စောင့်ရှောက်ရေးရိပ်မြုံအတွက် ကူညီရန် အိတ်ရောင်းပွဲတစ်ရပ်ကို ယနေ့ပြုလုပ်ခဲ့ပြီး ရသမျှအမြတ်အစွန်းများကို လစဉ်လှုဒါန်းသွားမည်ဟု သိရသည်။

အဆိုပါ အိတ် အရောင်းပွဲကို အီတလီသံအမတ်၏ ဇနီး ဖြစ်သူ Francesca Baronio မှ ဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Novotel ဟိုတယ်၊ ဒုတိယထပ် VESTIGE ပစ္စည်းအရောင်းဆိုင်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“အခု ဒီမှာ ကျွန်မတို့ ရောင်းနေပါတယ်၊ ဒီအိတ်ရောင်းပွဲ လုပ်တယ်ဆိုတာက ကလေးတွေအတွက်ပါပဲ၊ အဲ့ဒီမိဘမဲ့ကလေးတွေကို ကျွန်မတို့ ချစ်ပါတယ်၊ မိဘမဲ့ကလေးတွေဟာလည်း   နောင်ဆိုရင် အောင်မြင်လာကြမှာပါ၊ ဒီအိတ်တွေ အားလုံးက ဂရေ့စ်ဟုမ်းအတွက်ပါ၊ ဆိုင်ကိုလာပါ၊ အိတ်ကိုဝယ်ပါ၊ ကလေးတွေကို ကူညီပါ၊ ဒီအိတ်ရောင်းချတာကို ကျွန်မတို့ မူပိုင်ခွင့်ရထားပါတယ်။ ကျွန်မတို့ဆီ လာပြီးအားပေးပါ၊”ဟု Mrs. Francesca Baronio က ပြောသည်။

မြတ်မေတ္တာ(ဂရေ့စ်ဟုမ်း) ကို သွားရောက်လည်ပတ်ရင်း တစ်ခုခုကူညီဖို့ စဉ်းစားကာ သူ့အတွက် ကံကောင်းစေသည့် နံပါတ် 8 ကို “8 ” အိတ်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ လမ်းပေါ်က အပ်ချုပ်သည့် လူတွေနှင့် စလုပ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် VESTIGE မှ Nida နှင့် ဆုံတွေ့ကာ ဆိုင်မှာ လာရောက် ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီအကျိုးအမြတ်တွေအကုန်လုံးက Grace Home Orphanage ကိုသွားတာပါ။ Grace Home Orphanage ကပဲခူးမှာတစ်ကျောင်းရှိတယ်။ ရန်ကုန်မှာလည်း တစ်ကျောင်းရှိတယ်။ တစ်ခြား မိဘမဲ့ကျောင်းတွေနဲ့ မတူတာကကြတော့ အသက်ကြီးသွားရင်လည်း Grace Home က လက်ခံတယ်။ အသက်ပေါ်မှာလည်း မူမတည်ဘူး။ ဒါ့ကြောင့် အိတ်တွေဝယ်တိုင်း အကျိုးအမြတ်တွေအကုန်လုံးက Grace Home ကိုပဲ သွားမှာပါ ” ဟု VESTIGE မှ မချယ်ရီ( Nida Taylor) က မဇ္ဈိမကို ပြောသည်။

အဆိုပါ 8 အိတ် တံဆိပ်ကို တန်ဖိုးသိပ်မကြီးသည့် ကျောက်များ၊ ဖန်စီကျောက်လုံးလေးများနှင့် ပိုးထည်များ ကို အသုံးပြုကာ ချုပ်လုပ်ထားကာ အိတ်အမျိုးအစား လိုက်ပြီး တစ်လုံးလျှင် ဒေါ်လာ ၄၀ ခန့်မှ အစားစားရှိကြောင်းသိရသည်။ အိတ်များကို  အီတလီပညာရှင်များ၏ ဒီဇိုင်းကို မြန်မာချည်ထည်နှင့် အလှဆင်ပစ္စည်းများအသုံးပြုကာ လက်မှုအိတ်များ ချုပ်ရောင်းနေသော မြန်မာအမျိုးသမီးများက ချုပ်လုပ်ထားခြင်းဖြစ်သည်။ အိတ်များကို နိုဗိုတယ်ဟိုတယ်နှင့် မြန်မာပလာဇာတွင်ရှိသော Vestige ပစ္စည်းအရောင်းဆိုင်နှင့် ငပလီကမ်းခြေတွင်ရှိသည့် ဟိုတယ်တစ်ခုတွင်လည်း ဝယ်ယူနိုင်သည်ဟု သိရသည်။

အိတ်ရောင်းရာမှ ရရှိသည့်အကျိုးအမြတ်ငွေများကို မြတ်မေတ္တာရှိ ကလေးများ၏ ပညာရေးအပိုင်းတွင် အဓိကသုံးသွားမည်ဖြစ်သည်ဟု မြတ်မေတ္တာ(ဂရေ့စ်ဟုမ်း) ကလေးသူငယ်စောင့်ရှောက်ရေးရိပ်မြုံ၏ တည်ထောင်သူနှင့်တာဝန်ခံဖြစ်သူ ဒေါ်အဲမရေးလာမြတ်က ပြောသည်။

 “ငွေရေးကြေးရေး လှူဒါန်းရုံမက စိတ်ရောကိုယ်ပါ ကလေးတွေကို ကူညီပေးတာ အရမ်းကို ဝမ်းသာပီတိဖြစ်မိပါတယ်၊ သူတို့ တတ်နိုင်တဲ့ဘက်က ပံ့ပိုးပေးတာ၊ 8 အိတ်ချုပ်လုပ်ပြီး အင်မတန်မှ မွန်မြတ်ပါတယ်” ဟု ဒေါ်အဲမရေးလာမြတ်က ပြောသည်။

မြတ်မေတ္တာကလေးသူငယ်စောင့်ရှောက်ရေးရိပ်မြုံအနေဖြင့် ရန်ကုန်နှင့်ပဲခူးတို့မှာ ရှိပြီး မိဘမဲ့ကျောင်းသားပေါင်း ၇၀ ကျော်ရှိသည်။ Vestige သည် ယဉ်ကျေးမှုနှင့်ပတ်သက်သည့် အမွေအနှစ်ပစ္စည်းများကို ရောင်းချသော ဆိုင်တစ်ဆိုင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆိုင်ပေါင်း ၁၁ဆိုင် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly