မင်းဘေးမှ ကင်းဝေးနိုင်ကြပါစေ

မင်းဘေးမှ ကင်းဝေးနိုင်ကြပါစေ
 

ယခုရက်များအတွင်း YBS ကားလိုင်းသစ်များအကြောင်း ကြားခဲ့ကြရ ဖတ်ခဲ့ကြရသည်။ ကောင်းတာလည်း ရှိ မကောင်းတာလည်း ရှိသည်။ ယေဘုယျအားဖြင့်တော့ ကောင်းတဲ့ဘက်က ရှုမြင်လက်ခံကြသည်ကို တွေ့ရတော့ ပြောင်းလဲလာနေသည့် မိမိတို့ပြည်သူများရဲ့ နှလုံးသားဓါတ်ခံအတွက် ဝမ်းသာရပါသည်။

သည်လိုအခြေအနေအတွင်း မိမိတို့ စိတ်ကြည်နူးမှု အဖြစ်ဆုံး မြင်ကွင်းတချို့ သတင်းတချို့ကို ထပ်မံပြီး မြင်နေကြားနေခဲ့ရပြန်သည့်အတွက် ပိုပြီး စိတ်ချမ်းမြေ့ရသည်ဟု ပြောရဖွယ်ရှိပါသည်။ ယင်းသတင်းမှာ နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်တချို့သတင်းများကို မြင်ကြရ ဖတ်ကြရသောကြောင့်ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်၏ ခရီးစဉ်များကို သတင်းစာတိုင်းက တလေးတစားဖေါ်ပြပေးနေကြသည်ကို အားလုံး အသိပင်ဖြစ်သည်။ သမ္မတဟူသည်မှာ နိုင်ငံတစ်ခု၏ ဥသျှောင်ဖြစ်သည်။ နိုင်ငံသူနိုင်ငံသားတို့၏ ဖခင်သဖွယ်ဖြစ်သည်။ ထို့ကြောင့် သမ္မတကြီး၏ ခရီးစဉ်များကို သတင်းစာများက ဖေါ်ပြပေးနေကြသည်မှာ တကယ်တော့ မဆန်းကြယ်လှပါ။

လက်ရှိသမ္မတကြီးရယ်လို့မဟုတ်၊ မည်သည့်သမ္မတပဲ ဖြစ်ပါစေ သမ္မတတစ်ဦး၏ ခရီးစဉ်ကို သတင်းစာတိုင်းက သတင်းအဖြစ် ဖေါ်ပြပေးကြမည်မှာ မလွဲပါ။ သို့သော် သည်တခါတော့ မိမိတို့ပြည်သူများအနေဖြင့် သမ္မတကြီးဦးထင်ကျော်၏ ခရီးစဉ်သတင်းများကို ဖတ်ရှုသိမြင်ရသည်မှာ ယခင့်ယခင် ခေတ်များနှင့်မတူ တမူထူးခြားနေသည်ဟု ဆိုရမလိုဖြစ်နေသည်။ လက်ရှိ နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်သတင်းများမှာ ထူးခြားချက်များ ရှိနေသောကြောင့်ဖြစ်သည်။

ယင်း ထူးခြားချက်များ၌ အသိသာအထင်ရှားဆုံးအချက်မှာ အဆောင်အယောင်အခမ်းအနား ကြီးကြီးမားမားမရှိပဲ ပကတိ ရိုးရှင်းလှသည့် သာမာန်နိုင်ငံသားတစ်ဦး၏ အသွင်သဏ္ဍာန်မျိုးဖြင့် ခရီးထွက်လေ့ရှိသည်ဆိုသည့်အချက် ဖြစ်သည်။ ပညာကြီးခြင်း၊ ရိုးသားပွင့်လင်းခြင်းနှင့် ပြည်သူတို့နှင့် မကင်းမကွာ ငြိမ်းချမ်းစွာ၊ ကြမ်းတပြေးထဲ နေထိုင်လိုခြင်း အစရှိသည့် အဓိပါ္ပယ်များသက်ဝင်နေသည့် မြင်ကွင်းများပင်ဖြစ်သည်။ မည်သည့်အခမ်းအနားပင်ဖြစ်စေ၊ မည်သည့်ခရီးပင်ဖြစ်စေ သမ္မတကြီးသည် မာန်မာနကင်းစင်စွာ ပကာသနမဖက် ရိုးသားအေးချမ်းစွာ သွားလာနေထိုင်လိုသူဖြစ်သည်ဆိုသည့်အချက်မှာ မည်သူမျှ မငြင်းနိုင်အောင် သိသာထင်ပေါ်လွန်းသည့်အချက် ဖြစ်နေသည်။

ထို့ပြင် သမ္မတကြီး ဦးထင်ကျော်သည် ဧည့်သည်တော်မှတ်တမ်းတစ်ခုတွင် ထူးခြားလေးနက်လှသည့် စာကြောင်းတစ်ကြောင်း ထည့်ရေးခဲ့သည်ကိုလည်း မိမိတို့ သတိပြုမိခဲ့ပါသည်။ ထိုစာကြောင်းမှာ “ မင်းဘေးအန္တရယ် ကင်းဝေးတဲ့ပုဂ္ဂိုလ် ဖြစ်ရပါလို၏ ” ဟူသည့် စာကြောင်းလေးပင်ဖြစ်သည်။ ယင်းစာကြောင်းလေးကို သတင်းဌာနအတော်များများကလည်း ထင်ရှားစိမ့်သောငှာ အထူးအသားပေး   ဖေါ်ပြပေးခဲ့ကြသည်ကိုလည်း  တွေ့ခဲ့ကြရပါသည်။

မြန်မာ့ရိုးရာ စကားပုံတစ်ခုတွင် “မီး၊ ရေ၊ ၊ မင်းဆိုး၊  ခိုးသူ၊ မချစ်မနှစ်သက်သောသူ ” ဟူ၍ ရန်သူမျိုး ၅ ပါး ရှိသည်ဟူ၍ မှတ်သားဖူးပါသည်။ ယင်း စကားပုံထဲမှ လူတို့အတွက် အန္တရယ်ဖြစ်စေသည့် “မင်းဆိုး” ဆိုသည်ကို မလိုလားမနှစ်သက်သူဖြစ်သည်ဆိုသည်ကို တွက်ဆလို့ရပါသည်။ သမ္မတကြီး ဦးထင်ကျော်သည် ယင်းစာကြောင်းလေးရေးသားဖေါ်ပြလိုက်သည့်အတွက် ပြည်သူတို့နှင့် စိတ်ဓါတ်အားဖြင့် တသားတည်းရှိသူ၊ ဆိုးသွမ်းဖိနှိပ်ရက်စက်သည့် “မင်း” သို့မဟုတ် “အုပ်စိုးသူ” တို့ကို မလိုလားမနှစ်သက်သူ၊ ပြည်သူတို့အား ယင်းကဲ့သို့သော ဆိုးသွမ်းဖိနှိပ်သူ မင်းဆိုးမင်းညစ်တို့ရန်မှ ကင်းဝေးစေလိုသူ ဖြစ်သည်ဆိုသည့်အချက်မှာ ယင်း မှတ်တမ်းစာကြောင်းကလေးကိုကြည့်ခြင်းအားဖြင့် သိသာထင်ရှားစေခဲ့ပါသည်။

ယင်းအချက်မှာ မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းသမိုင်းတွင် မကြုံစဖူး ထူးကဲလှသည့် အဖြစ်အပျက်ဖြစ်သည် ဟူ၍ပင် ဆိုရပါမည်။ ပြည်သူတို့အပေါ်၊ လူသားအချင်းချင်းအပေါ် နူးညံ့သိမ်မွေ့သည့် အကြင်နာစိတ်ရှိသူ တစ်ဦးဖြစ်သည်ဟူသည့် အချက်ကို အထင်အရှားဖေါ်ပြသည့် မှတ်တမ်းစာကြောင်းကလေး ဖြစ်လာခဲ့ပါသည်။

မဇ္ဈိမအနေဖြင့် အခြားအခြားသော အဖြစ်အပျက်များ၊ သတင်းများကို လေးစားစွာ စောင့်ကြည့်နေပါသည်။ အထူးသဖြင့် သည်ရက်ပိုင်းအတွင်း အခြားအခြားသော ထူးခြားလေးနက်သည့် သတင်းများနည်းတူ နိုင်ငံတော်သမ္မတကြီး၏ ခရီစဉ်သတင်းများကိုလည်း စောင့်ကြည့်လေ့လာလျက်ရှိပါသည်။

တချိန်တည်းမှာပင် မိမိတို့နိုင်ငံ၏ ဥသျှောင်၊ နိုင်ငံသူနိုင်ငံသားတို့၏ ဖခင်သဖွယ်ဖြစ်သည့် နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် တခုတ်တရရေးသားခဲ့သည့် မှတ်တမ်းဆုတောင်းအတိုင်း သမ္မတကြီး ဦးထင်ကျော် အပါအဝင် မိမိတို့ ပြည်သူများအားလုံး မင်းဘေးမှ ကင်းဝေးပါစေကြောင်း မဇ္ဈိမ အနေဖြင့် ထပ်လောင်းဆုတောင်း ပေးလိုက်ရပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly