ဒူးဒဏ်ရာရှိနေသည့် သန်းသန်းထွေး အသင်းနှင့်အတူ အပေါ့စားလေ့ကျင့်ခန်း ပြန်ဆင်း

ဒူးဒဏ်ရာရှိနေသည့် သန်းသန်းထွေး အသင်းနှင့်အတူ အပေါ့စားလေ့ကျင့်ခန်း ပြန်ဆင်း
ဆေးကုသမှု ခံယူနေသည့် မြန်မာအမျိုးသမီးလက်ရွေးစင် သန်းသန်းထွေး (ဓာတ်ပုံ- MFF )

ဇူလိုင် ၂၃၊ ရန်ကုန်။    ။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အဓိက ကွင်းလယ်ကစားသမား သန်းသန်းထွေးသည် ပြီးခဲ့သည့် အာရှဖလား ပြိုင်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ကာ ကာလရှည်ကြာ ဆေးကုသမှုခံယူပြီးနောက် လက်ရှိတွင် အသင်းနှင့် အတူ အပေါ့ စားလေ့ကျင့်ခန်းပြန်လည် ပြုလုပ်နိုင်ပြီ ဖြစ်သည်။

သန်းသန်းထွေးသည် မြန်မာအမျိုးသမီးအသင်းနှင့်အတူ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ၌ ဂိုးဖန်တီးမှုများပြုလုပ်ခဲ့သည့်အပြင် ကိုယ်တိုင် လည်းနှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြကစားခဲ့ကာ ကြေးတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ကစားသမားတစ်ဦးဖြစ် သည်။

ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ “ဒဏ်ရာက ခွဲစိတ်ဖို့ ပြောပေမယ့် မခွဲဖြစ်ခဲ့ပါဘူး။လောလောဆယ်တော့ တစ်လလောက်နား ပြီး တိုင်းရင်းဆေးစီးလုပ်လိုက်တော့ သက်သာလာပါတယ်။ အသင်းနဲ့အတူ လိုက်ဆင်းပေမယ့် စံချိန်အတိုင်းတော့ မလုပ်နိုင်သေး ဘူး။ အပေါ့စားပုံစံပဲ လုပ်သေးတာပါ။ အဓိကကတော့ လာမယ့် ခြေစစ်ပွဲ မတိုင်ခင် ကောင်းအောင်လို့ ကြိုးစားနေပါတယ်။

ပွဲအပြည့်ကစားမနိုင်ရင်တောင် တစ်ပိုင်းလောက် ကစားနိုင်ဖို့ ကြိုးစားနေပါတယ်။ အိမ်ရှင်ဖြစ်ပေမယ့် အသင်းကောင်းတွေနဲ့တွေ့ ရမယ်ဆိုတော့ အားလုံးတက်ညီလက်ညီနဲ့ နောက်တစ်ဆင့်တက်နိုင်အောင်လို့ ကြိုးစားနေပါတယ် ” ဟု သန်းသန်းထွေးကပြော သည်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် အိုလံပစ် ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များကို စက်တင်ဘာ ၁၄ရက်မှ စတင်ကာ မန္တလေးမြို့မန္တလာသီရိကွင်း၌ ဗီယက်နမ်၊ ဂျော်ဒန်၊ တရုတ်တိုင်ပေ၊ ထိုင်း စသည့် အသင်းများနှင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစား ရမည် ဖြစ်ကာ အမှတ်အများဆုံး အသင်းတစ်သင်းသာ တတိယအဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly