မက္ကဆီကို သမ္မတနှင့် တွေ့ဆုံမှု အလကားသာ ဖြစ်လိမ့်မည်ဟု ဒေါ်နယ်ထရမ့်ပြော

မက္ကဆီကို သမ္မတနှင့် တွေ့ဆုံမှု အလကားသာ ဖြစ်လိမ့်မည်ဟု ဒေါ်နယ်ထရမ့်ပြော

ဇန်နဝါရီ ၂၇ ။               ။ မက္ကဆီကို သမ္မတ အင်းနရစ် ပီနာ နီတိုနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်မှာ ယခုအခါ ပျက်ပြား သွားခဲ့ပြီဖြစ်ပြီး တွေ့ဆုံဖြစ်ပါကလည်း အလဟသ တွေ့ဆုံမှုသာ ဖြစ်လိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

အလားတူ နှစ်နိုင်ငံအကြား နယ်စပ်တံတိုင်းဆောက်မည့်ကိစ္စအတွက် မက္ကဆီကိုဘက်မှ ငွေကြေး စိုက်ထူပေးလိုစိတ် အလျင်းမရှိဘူးဆိုပါက ယင်းတို့နှင့် ဆွေးနွေးလဲ ဆွေးနွေးရုံသာ အဖတ်တင် ကျန်ရစ်မည်ဖြစ်ပြီး ရလဒ်ထွက်လိမ့်မဟုတ်ကြောင်း ထရမ့်က ပြစ်တင်ပြောကြားသွားခဲ့သည်။

" မက္ကဆီကို သမ္မတရော ကျွန်တော်ပါ ဒီ မူလစီစဉ်ထားတဲ့ နောက်တစ်ပတ်ထဲ တွေ့မယ့်ကိစ္စကို ဖျက်သိမ်းလိုက်ပါပြီ" ဟု ထရမ့်က ရီပတ်ဘလစ်ကန် အမတ်များကို ပြောသည်။

" မက္ကဆီကိုဘက်က ကျွန်တော်တို့ အမေရိကန်ကို တလေးတစား မျှမျှတတ ဆက်ဆံလိုခြင်း မရှိဘူးဆိုရင်တော့ ဒီလိုမျိုး နှစ်ဘက်ခေါင်းဆောင်တွေအကြား အစည်းအဝေးတွေ လုပ်လဲ အလကားပါပဲ၊ ဒါကြောင့် ကျွန်တော်ကတော့ တခြားလမ်းကြောင်းဘက်ကပဲ သွားပါတော့မယ်၊ ကျွန်တော့်မှာ ရွေးစရာလမ်းသိပ်မရှိပါဘူး" ဟု ထရမ့်က ပြောသည်။

တစ်ဘက်တွင်လည်း ထိုကဲ့သို့ တံတိုင်းတည်ဆောက်မည်ကိစ္စအတွက် မည်သည့်ကုန်ကျစရိတ်မျှ ကျခံစိုက်ထူပေးရန် မရှိကြောင်း မက္ကဆီကို သမ္မတက ထုတ်ဖော်ပြောကြားထားခဲ့သည်။

မက္ကဆီကိုတို့ အနေဖြင့် အမေရိကန်နှင့်အကြား ဆက်ဆံရေးကောင်းမွန်နိုင်ရန် ဆွေးနွေးလိုသည့် ဆန္ဒရှိသော်လည်း ထိုကဲ့သို့ တံတိုင်း အစီအစဉ်အတွက် ငွေကုန်ကြေးကျခံရမည့်ကိစ္စနှင့်ပတ်သက်၍တော့ ထရမ့်နှင့် ညှိနှိုင်းသွားမည်တော့ မဟုတ်ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး လူးဝစ် ဗိုင်ဒီဂါရေးက ထုတ်ဖော်ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly