အသတ်ခံရသည့် တရားဝင်မြန်မာလုပ်သားများအတွက် မလေးရှားအစိုးရမှ ပေးလျော်သောအာမခံကြေး ရရှိရန် ကြန့်ကြာမည်

အသတ်ခံရသည့် တရားဝင်မြန်မာလုပ်သားများအတွက် မလေးရှားအစိုးရမှ ပေးလျော်သောအာမခံကြေး ရရှိရန် ကြန့်ကြာမည်
ပြည်ပအလုပ်အကိုင် အေဂျင်စီများ စုပေါင်းပြီးပေးသည့် ထောက်ပံ့ကြေး လာရောက်လက်ခံသော သေဆုံးသူများ၏ မိသားစုများအားတွေ့ရစဉ်။

ရန်ကုန်၊ ဇန်နဝါရီလ ၂၆ ။              ။ အသတ်ခံခဲ့ရသည့် တရားဝင်မြန်မာအလုပ်သမားများအတွက် မလေးရှားအစိုးရမှ  ပေးလျော်ရမည့် အာမခံကြေးရရှိရန်အတွက် ကြာမြင့်နိုင်မည်ဖြစ်ကြောင်း   မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထင်ကျော်ထင်က ပြောသည်။

ဇန်နဝါရီလ ၅ ရက်နေ့က မလေးရှားနိုင်ငံ၊ ဆာဒန်းရပ်ကွက်တွင် တိုက်ခိုက်ခံရ၍ သေဆုံးခဲ့သည့် မြန်လုပ်သား ၅ ဦးအနက် ၃ ဦးမှာ တရားဝင်ပြည်ပအလုပ်အကိုင် အေဂျင်စီမှ ပို့ဆောင်ထားသော (MoU) တရားဝင်လုပ်သားများဖြစ်သည်။

" တရားမဝင်တဲ့ လုပ်သားကတော့ မပြောတတ်ဘူး။ တရားဝင်သွားတဲ့သူဆိုရင်တော့ အာမခံကြေး သွင်းကို သွင်းရတယ်လေ။ မလေးရှားက ထိုင်းလိုတော့ မဟုတ်ဘူး။ တော်တော်ကြာပြီး   တော်တော်လိုက်ယူရတယ်။ နှစ်နှစ်၊ သုံးနှစ်နဲ့တောင် ကျမလာတာတွေရှိတယ်။ ဒါပေမယ့် ဒါကို အမြန်ဆုံးရရဖို့ဆိုရင်တော့ နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် သံရုံးကနေ ဖိဖိစီးစီး ဆောင်ရွက်ရင်တော့ ရနိုင်ပါတယ်" ဟု ဦးထင်ကျော်က ပြောခဲ့သည်။

ဇန်နဝါရီလ ၂၄ ရက်နေ့၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ယုဇနဟိုတယ်တွင်ပြုလုပ်သည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများ စုပေါင်းပြီး မလေးရှားတွင် သေဆုံးခဲ့သော မြန်မာလုပ်သားများအတွက် ဂရုဏာထောက်ပံ့ကြေး ပေးပွဲတွင် မီဒီယာများမေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

တရားဝင်လုပ်သားတစ်ဦးအနေဖြင့် မလေးရှားအစိုးရထံတွင် တစ်နှစ်တစ်ကြိမ် အာမခံငွေ မလေးရှားရင်းဂစ် ၂၅ဝ ကို အာမခံကြေးအဖြစ်ထားရှိရကြောင်း၊ အာမခံကြေးပေးသွင်းထားသော တရားဝင်လုပ်သားအနေဖြင့် မည်သည့် အကြောင်းဖြင့် သေဆုံးသည်ဖြစ်စေ စက်ရုံအတွင်းသေဆုံးလျှင် ရင်းဂစ် ၂၈,ဝဝဝ ခန့်၊ စက်ရုံပြင်ပ သေဆုံးပါက ၂၅,ဝဝဝ ခန့် ရရှိနိုင်ကြောင်း ရွိုင်ရယ်ဂိတ် ပြည်ပအလုပ်အကိုင်အေဂျင်စီ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်မျိုးမြင့်က ဆိုသည်။

" အာမခံကြေးကတော့ တရားဝင်အလုပ်သမားအနေနဲ့ သက်တမ်းတိုးတိုင်း မလေးရှားအစိုးရစီက ဝယ်ရတာ ဖြစ်တယ်။ ပျှမ်းမျှအားဖြင့် သူတို့ပေးတာက ၂ သောင်းကျော်ရှိတယ်။ အဲ့ဒီငွေတွေ ပြန်ရဖို့ဆိုရင် ၆ လကနေ ၁ နှစ်လောက်တော့ ကြာတယ်။ ခုလိုပဲ စက်ရုံအပြင်ဆို ဘယ်လောက်၊ စက်ရုံအတွင်းဆို ဘယ်လောက်ဆိုပြီးတော့ သတ်မှတ်ချက်တွေရှိပါတယ်"ဟု ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံ၊ ဆာဒန်းရပ်ကွက်တွင် ဇန်နဝါရီလ ညပိုင်းက ဓားဖြင့်တိုက်ခိုက်ခဲ့သည့် လူတစ်စုကြောင့် သေဆုံးခဲ့သည့် သူများမှာ မောင်ဌေးလွင် (ခေါ်) မျိုးနိုင်ဦး၊ ထွန်းထွန်းဝင်း၊ ဇေယျာအောင်၊ မိုးထက်ဦးနှင့် မင်းရာဇာမျိုးတို့ ဖြစ်ပြီး အသက် ၁၆ နှစ်မှ ၂၅ နှစ်ဝန်းကျင်ရှိ လူငယ်များဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly