ရန်ကုန်မြို့တွင် အမှိုက်သိမ်းကားနှင့် အမှိုက်ပုံးများ ထပ်မံဖြည့်တင်းရန် လိုအပ်နေ

ရန်ကုန်မြို့တွင် အမှိုက်သိမ်းကားနှင့် အမှိုက်ပုံးများ ထပ်မံဖြည့်တင်းရန် လိုအပ်နေ
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှိုက်သိမ်းနေသည့် စည်ပင်ဝန်ထမ်းများအား သြဂုတ်လ ၂၅ ရက်က တွေ့ရစဉ်။

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ။             ။ ရန်ကုန်စည်ပင်ကော်မတီ၏ စစ်တမ်းကောက်ယူမှုတစ်ခုအရ ရန်ကုန်မြို့တွင် အမှိုက်သိမ်းကားနှင့် အမှိုက်ပုံးများ ထပ်မံဖြည့်တင်းရန် လိုအပ်နေသည်။

အဆိုပါလူဦးရေနှင့် တစ်ဦးချင်းအမှိုက်စွန့်ပစ်မှုကို အခြေခံသည့်စစ်တမ်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ကောက်ယူခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ အမှိုက်သိမ်းယာဉ် စုစုပေါင်း(၃၆၀)ကျော် ရှိကာ အမှိုက်ပုံးမျိုးစုံမှာ (၁၈,၀၀၀)ခန့်ရှိကြောင်း သိရသည်။  

ရန်ကုန်တစ်မြို့လုံးအတွက် အမှန်တကယ်လိုအပ်သည်မှာ အမှိုက်သိမ်းယာဉ် Container Garbage Truck ၄၀၀ ကျော် နှင့် အမှိုက်ပုံး (၂၄၀ လီတာပုံး နှင့် ၆၆၀ လီတာပုံး) စုစုပေါင်း   လေးသောင်းကျော်လိုအပ်နေသည်ဟု အဆိုပါ စစ်တမ်းကောက်ခံသည့် ဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောသည်။

“ဒါကြီးကို တစ်ချိန်တည်း ဖြည့်ဆည်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ ကျွန်တော်တို့က နှစ်စဉ် နှစ်စဉ်မှာ ကားတွေဝယ်တယ်။ ပုံးတွေဝယ်တယ်။ ဖြည့်တင်းသွားတယ်။ ဒါမျိုးနဲ့ပဲ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောသည်။

ရန်ကုန်တစ်မြို့လုံး၏  ပျမ်းမျှ တစ်ရက်အမှိုက်ထွက်နှုန်းမှာ တန်(၂၅၀၀)ကျော် ရှိသည်။ ယင်းအမှိုက်များမှတဆင့် လျှပ်စစ်စွမ်းအင်ပြန်လည်ထုတ်ယူသည့် စက်ရုံတစ်ရုံကို တည်ဆောက်နေပြီး အဆိုပါစက်ရုံကို လာမည့် ဧပြီလတွင် စတင်လည်ပတ်နိုင်တော့မည်ဖြစ်သည်။ သို့ရာတွင် ထွက်ရှိသည့် အမှိုက်များအားလုံးကို စွမ်းအင်ပြန်လည်ထုတ်ယူမည်ဆိုပါက လိုအပ်ချက်များလည်း ရှိနေသေးသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ရန်ကုန်မြို့အနေနဲ့ကတော့ တစ်ရက်ကို အမှိုက်က တန် ၂၅၀၀ ကျော် ထွက်တယ်။ အခု ကျွန်တော်တို့ တည်တဲ့စက်က တန် ၆၀ပဲရတယ်။ အများကြီး လိုသေးတယ်။ တန် ၂၀၀၀ကျော် အတွက်ကို ကျွန်တော်တို့က ဖြေရှင်းဖို့ လိုသေးတယ်။ တန် ၂၀၀၀ ကျော်အတွက်ကိုတော့ ကျွန်တော်တို့က ဘာတွေလုပ်ထားလဲဆိုတော့ ခရိုင်အလိုက် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ ခရိုင်လေးခုရှိတယ်။ ခရိုင်တစ်ခုဆီမှာ အမှိုက်ကနေ လျှပ်စစ်ထုတ်တဲ့ စက်တပ်ဆင်ပြီး ဆောင်ရွက်သွားဖို့ရည်ရွယ်ထားတယ်” ဟု ဒေါက်တာအောင်မြင့်မော်က ဆက်ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကောက်ယူထားသည့်စစ်တမ်းအရ လူတစ်ယောက်၏ ပျမ်းမျှတစ်ရက်အမှိုက်စွန့်ပစ်နှုန်းသည် (သုည ဒသမ ၄) ကီလိုဂရမ်ရှိသည်။ သို့ရာတွင် အမှိုက်များကိုစုပေါင်းပြီးမှစွန့်ပစ်သည့် ဈေးသည်များလည်းရှိသည်။

“ပုံးကို အိတ်စွပ်တယ်။ စွပ်ပြီးတော့ ခွာချလိုက်တယ်။ ခွာပြီးတော့ နည်းနည်းပြည့်ပြီဆိုရင် လမ်းမှာ စည်ပင်ပုံးရှိတယ်လေ။ စည်ပင်ပုံးအဝါကြီးတွေကို ထည့်ပါတယ်” ဟု ဒေါပုံမြို့နယ်မှ ဈေးရောင်းသူ ကိုမြတ်ထွန်းက မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်တွင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနအနေဖြင့် ရန်ကုန်မြို့ရှိ စာသင်ကျောင်းများတွင် အမှိုက်များကို အမှိုက်ပုံးတွင်းသို့ စနစ်တကျ စွန့်ပစ်ပုံများကို ပညာပေးလုပ်ငန်းအသွင်ဖြင့်သင်ပြ ဆောင်ရွက်ပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly