အမြန်လမ်းတွင် လူ ၈ဦး မီးလောင်သေဆုံးခဲ့သော ယာဉ်တိမ်းမှောက်မှု စီအိုင်ဒီသို့ လွှဲပြောင်း

အမြန်လမ်းတွင် လူ ၈ဦး မီးလောင်သေဆုံးခဲ့သော ယာဉ်တိမ်းမှောက်မှု စီအိုင်ဒီသို့ လွှဲပြောင်း
ဓာတ်ပုံ-Photo-Myanmar Fire Services Department

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ။            ။ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်တွင် Hi Ace ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ  မီးလောင်ခဲ့မှုတွင် လူ ၈ ဦး သေဆုံးခဲ့ရသည့်အမှုကို   မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ) သို့ လွှဲပြောင်းပေးလိုက်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို ယခင်က အမြန်လမ်းမကြီးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေရာမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ညွှန်ကြားချက်ဖြင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့   ပြန်ကြားရေးတာဝန်ခံ ရဲမှူး ရန်နောင်ဝင်းက မဇ္ဈိမသို့ ပြောသည်။

"အဲ့အမှုကို မှုခင်းတပ်ဖွဲ့ စီအိုင်ဒီကို လွှဲအပ်လိုက်ပါပြီခင်ဗျ။ မနေ့က ညွှန်ကြားချက်ဝင်လာပါတယ်၊ ဒီနေ့မှာ အကုန်လုံး အပြီးလွှဲအပ်ပြီးပါပြီ" ဟု ရဲမှူးရန်နောင်ဝင်းက အတည်ပြုပြောဆိုသည်။

အဆိုပါ ကားမီးလောင်မှုဖြစ်စဉ်တွင် လူ ၉ ဦးလိုက်ပါလာပြီး လူ ၈ ဦး မီးလောင်အသက်ဆုံးရှုံးခဲ့ကာ တစ်ဦးသာ အသက်ရှင် လွတ်မြောက်ခဲ့သည်။ အဆိုပါလွတ်မြောက်ခဲ့သူသည် ဖြစ်စဉ်အစတွင် ယာဉ်ကိုမောင်းနှင်သူမဟုတ်ကြောင်း ကနဦးထွက်ဆိုခဲ့ပေမယ့်  နောက်ပိုင်းတွင် ယာဉ်မောင်းသူအဖြစ် စစ်ဆေးတွေ့ရှိခဲ့သည်။

ဖြစ်စဉ်မှာ ပုဂံမှ ပြန်လာသော အဆိုပါ Hi Ace မော်တော်ယာဉ်မှာ ရန်ကုန်မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၄/၂ - ၄/၃ ကြား (အပြန်လမ်း)တွင် ဇန်နဝါရီ ၂၁ရက်၊ နံနက် ၈နာရီခွဲခန့်တွင်   ရှေ့ညာဖက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းဘောင်အား တိုက်မိပြီး ယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများကြည့်ရန်-http://www.mizzimaburmese.com/article/22699

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly