လာလီဂါနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ရီးယဲလ်နည်းပြ ဇီဒန်းပြော

လာလီဂါနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ရီးယဲလ်နည်းပြ ဇီဒန်းပြော

ဇန်နဝါရီ ၂၆၊ စပိန်။              ။ စပိန်ကိုပါဒယ်ရေးပြိုင်ပွဲ ကွာတားဖိုင်နယ်ဒုတိယအကျော့တွင် ဆယ်လ်တာဗီဂိုအသင်းနှင့် ၂ ဂိုးစီသရေကျခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် ရီးယဲလ်အသင်း၏နည်းပြ ဇီဒန်းက လာလီဂါနှင့်ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ရီးယဲလ်အသင်းသည် ပထမအကျော့အိမ်ကွင်းတွင် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ထားသည့်အတွက် နှစ်ကျော့ပေါင်း ၄-၃ ဂိုးဖြင့်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။

ယခုပွဲစဉ်တွင် ဒန်နီလို၏ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့မှုကြောင့် ဆယ်လ်တာဗီဂိုအသင်းမှာ အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ပွဲချိန် ၆၂ မိနစ်တွင် စီရော်နယ်ဒိုက ဖရီးကစ်မှ ချေပဂိုးပြန်သွင်းနိုင်ခဲ့သည်။ ထို့နောက် ၈၅ မိနစ်တွင် ဝက်စ်က ဆယ်လ်တာဗီဂိုအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပြီး ဗက်စ်ကွက်စ်က မိနစ် ၉၀ တွင် ရီးယဲလ်အတွက် ပြန်လည်ချေပပေးခဲ့သည်။

‘ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲ ကစားခဲ့ရတာပါ။ ရလဒ်ကြောင့် စိတ်ပျက်ခဲ့ရပေမယ့် ကျွန်တော့်အသင်းသားတွေ အကောင်းဆုံးကစားနိုင်ခဲ့ကြပါတယ်။

အချိန်အနည်းငယ်လောက်သာ ဆက်ကစားခွင့်ရရင် ကျွန်တော်တို့အနိုင်ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါက မဖြစ်နိုင်ပါဘူး။ ရလဒ်ကို ကျွန်တော်တို့ လက်ခံရမှာပါ။ အခုတော့ လာမယ့် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်အတွက်ကိုပဲ စဉ်းစားရပါတော့မယ်။

ဒီအသင်းအတွက် ကျွန်တော်က တာဝန်ရှိသူပါ။ ကျွန်တော်တို့ တူညီတဲ့ ရည်မှန်းချက်လမ်းကြောင်းအတိုင်း ဆက်သွားပါမယ်။ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ချန်ပီယံလိဂ်နဲ့ လာလီဂါပြိုင်ပွဲတွေမှာ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ’ ဟု ရီးယဲလ်နည်းပြ ဇီဒန်းက ပြောဆိုခဲ့သည်။

လက်ရှိတွင် ရီးယဲလ်အသင်းသည် လာလီဂါတွင် ဒုတိယနေရာမှ ဆီဗီလာထက် တစ်ပွဲလျော့ကစားထားပြီး တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေကာ ချန်ပီယံလိဂ်တွင် ၁၆ သင်းရှုံးထွက်အဆင့်သို့ ရောက်ရှိနေသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags